
ဧပြီ ၂၉ ၊
စစ်မှုထမ်းဥပဒေပြဌာန်းအကောင်အထည်ဖော်မှုတွေကြောင့် မြန်မာနိုင်ငံအတွင်းရှိ လူငယ်အများစုကို တိမ််းရှောင်ရွေ့ပြောင်းမှုတွေဖြစ်ပေါ်စေတယ်လို့ NUG က ဧပြီလ ၂၈ ရက်နေ့မှာ အစီရင်ခံစာတစ်စောင်ထုတ်ပြန်ခဲ့ပါတယ်။
“မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော အတင်းအဓမ္မစစ်မှုထမ်းစေခြင်း၏ ပကတိသရုပ်မှန်” လို့ ခေါင်းစဉ်တပ်ထားတဲ့ အစီရင်ခံစာကို NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီးဌာနက ပြုစုထုတ်ပြန်တာဖြစ်ပါတယ်။
စစ်မှုထမ်းဥပဒေတွေကြောင့် ထောင်နဲ့ချီတဲ့ လူငယ်တွေဟာ အိမ်နီးချင်းနိုင်ငံတွေဆီကိုထွက်ပြေးတိမ်းရှောင်ရပြီး ထိုင်းနိုင်ငံကို အဓိကထားတိမ်းရှောင်ကြတာဖြစ်တယ်လို့ဆိုပါတယ်။
နိုင်ငံတကာအနေနဲ့လည်း ထွက်ပြေးတိမ်းရှောင်လာသူတွေကို လူသားချင်းစာနာသော မူဝါဒတွေ အခြေခံပြီး စောင့်ရှောက်မှုတွေပေးအပ်ဖို့ကိုလည်း တိုက်တွန်းထားပါတယ်။
ပြည်သူ့စစ်မှုထမ်းဥပဒေပြဌာန်းပြီး တစ်နှစ်အတွင်းမှာပဲ စစ်မှုထမ်းခေါ်ယူတဲ့ ဖြစ်စဉ်ပေါင်း ၈၈၆ မှုရှိခဲ့တဲ့အထဲမှာ အတင်းအဓမ္မ ဖိအားပေးခေါ်ယူမှုဟာ ၅၆၀ မှု ရှိခဲ့တယ်လို့ဆိုပါတယ်။
ဖြစ်စဉ်အားလုံးရဲ့ ၆၃ ရာခိုင်နှုန်းဟာ အတင်းအဓမ္မစစ်မှုထမ်းခေါ်ဆောင်တာဖြစ်ကြောင်း အမျိုးသားလူငယ်ကွန်ဂရက် ရဲ့ အချက်အလက်တွေကဆိုထားပါတယ်။
လက်ရှိမှာ စစ်ကောင်စီ စစ်မှုထမ်း အပတ်စဉ် ၁၂ အထိဖွင့်လှစ်သင်ကြားနေပြီး သင်တန်းတစ်ပတ်စဉ်လျှင် လူဦးရေ ငါးထောင်ပါဝင်ကြောင်း သိရှိထားရပါတယ်။
စစ်ကောင်စီက “ စစ်မှုထမ်းဥပဒေ” ကို စစ်သည်အင်အားလျော့နည်းလာမှုနဲ့ လက်နက်ချမှုတွေကို အစားထိုးဖို့အတွက် ဒီဥပဒေကို ဗျူဟာတစ်ရပ်အနေနဲ့အသုံးပြုနေတယ်လို့ NUG က ဆိုပါတယ်။
အခုလို အတင်းအကြပ်စစ်မှုထမ်းစေခိုင်းနေခြင်းဟာ အဓမ္မလုပ်အားခိုင်းစေခြင်းနဲ့ လူကုန်ကူးမှုကို ကျူးလွန်မှုမြောက်ကြောင်းတွေ့ရပြီး လူငယ်တွေကို စစ်ရေးဗျူဟာအတွက်အသုံးပြုနေခြင်းဟာ လူသားမျိုးနွယ်တွေအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေဖြစ်တယ်လို့ ဆိုပါတယ်။
နိုင်ငံတကာအနေနဲ့ အခုလုပ်ရပ်တွေကို ရပ်တန့်သွားအောင် စီးပွားရေးပိတ်ဆို့မှုနဲ့ လေယာဉ်ဆီအပါအဝင် လက်နက်တင်ပို့ရောင်းချမှုတွေကို ပိတ်ပင်ဖို့အတွက် ချက်ခြင်းလုပ်ဆောင်ဖို့ တိုက်တွန်းတယ်လို့ NUG ကထုတ်ပြန်ထားတာဖြစ်ပါတယ်။