စပါးတစ်တင်းအနိမ့်ဆုံးစျေး တစ်သောင်းသုံးထောင်ကျပ်ကနေ ဝယ်ယူဖို့  မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ကသတ်မှတ်

စက်တင်ဘာ ၂၁ ၊ မိုးညှင်း 

စပါးတစ်တင်းကို စျေးအနိမ့်ဆုံး တစ်သောင်းသုံးထောင်ကျပ်မှ အမြင့်ဆုံး နှစ်သောင်းကျပ် အတွင်း ဝယ်ယူကြဖို့အတွက်  မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က စက်တင်ဘာလ(၁၉)ရက်နေ့မှာ သတ်မှတ်ကြေညာခဲ့ပါတယ်။

ထွက်ရှိလာမယ့် မိုးစပါးအမျိုးအစားတွေထဲက  ဧည့်မထ/ငစိန်စပါးကို  တစ်တင်း ကျပ်(၁၃၀၀၀)မှ ကျပ်(၁၅၀၀၀) အ တွင်း ဧရာဝတီပေါ်ဆန်းစပါး နှင့် ဧရာမင်း/ဧရာပဒေသာစပါးများ တစ်တင်းကို ကျပ်(၁၆၀၀၀)မှ ကျပ်(၁၈၀၀၀)အတွင်း၊ အရည်အသွေးအကောင်းဆုံးဖြစ်တဲ့ ရွှေဘိုပေါ်ဆန်းစပါးများ တစ်တင်းကို ကျပ်(၁၈၀၀၀)မှ (၂)သောင်းအတွင်း ဝယ်ယူကြရန် သတ်မှတ်ထားပါတယ်။ 

အခုလို ဆန်စပါးအသင်းချုပ်က သတ်မှတ်တဲ့ရည်ညွှန်းစျေးတွေဟာ ပြင်ပပေါက်စျေးတွေထက် နည်းနေတယ်လို့ စပါးစိုက်တောင်သူတွေက ပြောဆိုကြပါတယ်။ 

 “ စပါးစျေးကနည်းနည်းကျခဲ့ပြီ ဧည့်မထက ၁၇၀၀၀ ရှိတယ် အခုလောလောဆယ်ကလေ  ဧရာမင်းကကျ စပါးစျေးဆို ဘယ်လောက်မှတော့မရှိဘူး ဆင်း-၃ထက်နဲနဲပဲသာတယ် ၁၈၀၀၀ အေ့လောက်ပဲရှိတယ်” ဟု မိုးညှင်းမြို့ တောင်သူတစ်ဦးက ပြောပြပါတယ်။

 ဆန်စပါးအသင်းချုပ်မှ သတ်မှတ်ထားတဲ့ ရည်ညွှန်းစျေးဟာ  လက်ရှိ မိုးညှင်းမြို့နယ်က အနိမ့်ဆုံးစျေးနှုန်းထက်ကို   နှစ်ထောင်ကျပ်  ကွာဟမှုရှိနေတာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့တစ်လအထိ  ဆင်းဧကရီ-၃ စပါးအမျိုးအစားကို တစ်တင်းလျှင် ကျပ်၂၃၀၀၀ ထိ ဝယ်ယူနေကြတာဖြစ်ပြီး  ယခုရက်ပိုင်းမှာ စျေးနှုန်းလျော့ကျလာတာဖြစ်သည်ဟု သိရပါတယ်။

ဆန်စပါးပေါ်ထွက်လာမယ့် ရာသီတွေမှာ စပါးစျေးနှုန်းတွေဟာ ထပ်မံကျဆင်းလာနိုင်တာဖြစ်ပြီး ကုန်သည်တွေအနေနဲ့လည်း ရည်ညွှန်းသတ်မှတ်စျေးတွေထက် စျေးလျော့ပြီးဝယ်ယူမှုများလည်း နှစ်စဉ်တောင်သူတွေ ကြုံတွေ့နေရတယ်လို့ အင်းတော်ကြီးဒေသက တောင်သူတွေက ပြောပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *