စယ်လန့်ကျေးရွာအတွင်း TNLA နှင့်စစ်ကောင်စီတပ်တို့ရဲ့တိုက်ပွဲကြောင့်နေအိမ်များထိခိုက်ပျက်စီး

ဩဂုတ် ၃၀ ၊ စယ်လန့် 

ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် စယ်လန့်ကျေးရွာအတွင်း တအောင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နဲ့ စစ်ကောင်စီတို့ကြား ဩဂုတ်လ ၂၉ ရက်ည တိုက်ပွဲကြောင့်  လူနေအိမ်၊ ဘုန်းကြီးကျောင်း၊ မူကြိုကျောင်းများ ထိခိုက်ပျက်စီးခဲ့တယ်လို့သိရပါတယ်။ 

တိုက်ပွဲကြောင့် နေအိမ်တစ်လုံးမီးလောင်ပျက်စီးပြီး ဘုန်းကြီးကျောင်း၊ မူကြိုကျောင်း နှင့် နေအိမ်တချို့ လက်နက်ကြီးကျည်ကျရောက်မှုကြောင့် ထိခိုက်ပျက်စီးမှုတွေရှိတယ်လို့ ရွာခံတွေဆီကနေသိရပါတယ်။ 

“ ကျောင်းကတော့ မြောက်ကျောင်းကိုထိတယ်။ ကျောင်းဝင်းထဲကိုပေါ့လေ။ မကွဲသေးတဲ့ လက်နက်ကြီးကျည်တွေလည်းရှိတယ်။ မူကြိုကျောင်း စဝ်ဆေခန်ဖကျောင်း လူငယ်တွေတည်ထောင်ထားတဲ့ကျောင်းလည်းထိတယ်။ အဲ့တာပြီးတော့ လူနေအိမ်တွေထိတယ်။ လူကတော့ နှစ်ယောက်ထိတယ်။ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲလို့  တစ်ယောက်က ခြေတလုံးကိုထိတယ်။ တစ်ယောက်ကတော့ တင်ပဆုံကိုထိတယ်။” လို့ ကျေးရွာအတွင်း စစ်ဘေးမတိမ်းရှောင်ပဲရှိနေသူ တစ်ဦးက ပြောပြပါတယ်။ 

ဩဂုတ်လ ၂၈ ရက်နှင့် ၂၉ ရက်တွေမှာ TNLA တပ်စွဲထားတဲ့ လွိုင်တေးမိန်းတောင်ဘက်ကို စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ အဆက်မပျက် ပစ်ခတ်မှုတွေရှိနေခဲ့ပြီး မနေ့က ညပိုင်းမှာ TNLA ဘက်က စယ်လန့်ကျေးရွာရှိ စစ်ကောင်စီတပ်ကို လာရောက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ 

ဒီလိုတိုက်ခိုက်မှုဟာ ညဦးပိုင်းကစ ညသန်းခေါင်အထိ ကြာမြင့်ခဲ့ပြီး TNLA ဘက်က နောက်ပြန်ဆုတ်သွားမှ တိုက်ပွဲဟာ ပြီးဆုံးခဲ့တာဖြစ်တယ်လို့ ဖြစ်စဉ်ကိုသိသူကပြောပါတယ်။ 

တိုက်ပွဲကြောင့် ရွာထဲပိတ်မိနေသူအများအပြားရှိနေပြီး ဩဂုတ်လ (၃၀)  ရက်နေ့ မနက်ပိုင်းမှာ စယ်လန့်နှင့်အနီးရှိ ကျေးရွာတချို့က ရွာသူ/သားများ တိမ်းရှောင်ကုန်ကြပြီး စယ်လန့်ဒေသခံ ရာနှင့်ချီကတော့ ကျေးရွာအတွင်းဆက်ရှိနေဆဲပဲလို့ ရှမ်းလူငယ်တစ်ဦးက ပြောပါတယ်။ 

စယ်လန့်ကျေးရွာအနီးမှာ ဩဂုတ်လတစ်လအတွင်း တိုက်ပွဲ (၃) ကြိမ်ဖြစ်ပွားခဲ့ပြီး  ကျေးရွာအတွင်း တိုက်ပွဲဖော်ဆောင်ခြင်းမပြုဖို့ ဒေသခံတွေက လိုလားနေကြပါတယ်။ 

“ ဖြစ်နိုင်မယ်ဆိုရင်တော့ ရွာသူ/သားတွေ ထိခိုက်မှုမရှိ ၊ ဒုက္ခမရောက်အောင်  ကျေးရွာအတွင်းမှာ တိုက်ပွဲလာမဖြစ်တာ အကောင်းဆုံးပဲ” လို့ စယ်လန့်လူငယ်တစ်ဦးက ပြောပါတယ်။ 

စယ်လန့်ကျေးရွာဟာ  ရှမ်းတို့၏ ဧကရာဇ််စဝ်ဆေခန်ဖှရဲ့ ကျုံးမြို့ရိုးများတည်ရှိတဲ့နေရာဖြစ်သလို နှစ်ပေါင်းတစ်ထောင်ကျော် ကြာမြင့်နေပြီဖြစ်တဲ့ ဒေသတစ်ခုလည်းဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *