စီခမ်းကြီးကျေးရွာတွင်းတိုက်ပွဲကြောင့် ကလေးငယ်နှစ်ဦးအပါအဝင် ဒေသခံ(၈)ဦး သေဆုံးဟုဆို

ဖေဖော်ဝါရီ ၂၀ ၊ မံစီ

မံစီမြို့နယ်၊ စီခမ်းကြီးကျေးရွာအတွင်းဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် ကလေးငယ်နှစ်ဦးအပါအဝင် ဒေသခံ(၈)ဦး သေဆုံးခဲ့တယ်လို့ ကျေးရွာဒေသခံများထံမှ သိရပါတယ်။

လက်နက်ထိမှန်သေဆုံးခဲ့သူတွေက  အလယ်တန်းကျောင်းသူ (၂)ဦး၊ အမျိုးသမီး(၃)ဦးနှင့် အသက်(၄၀)ဝန်းကျင်အရွယ် အမျိုးသား(၃)ဦးတို့ စုစုပေါင်း(၈)ဦး သေဆုံးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

“အလောင်းတွေတော့ မယူရသေးဘူး ရွာမှာပဲ ဒီတိုင်းကျန်ထားတာ ရွာမှာက တစ်ယောက်မှမကျန်တော့ဘူးလေ အကုန်ပြေးခဲ့ကြပြီ သူတို့(KIA+PDFပူးပေါင်းတပ်ဖွဲ့) ထွက်ခွင့်ပေးလို့ ထွက်ခဲ့ရပြီ” ဟု စီခမ်းကြီးကျေးရွာသားတစ်ဦးက ပြောပြပါတယ်။

ကျေးရွာတွင်း သေဆုံးတာတွေဟာ သိရှိရတဲ့ အရေအတွက်ထက် ပို၍များကောင်းများနေနိုင်သေးတယ်လို့လည်း ၎င်းကဆိုပါတယ်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ(၁၆)ရက်နေ့ညကနေစပြီး ပူးပေါင်းတပ်ဖွဲ့များဘက်မှ စီခမ်းကြီးကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး (၁၉)ရက်နေ့မှာ စခန်းကိုသိမ်းပိုက်နိုင်ခဲ့တယ်လို့လည်း ပြောဆိုမှုတွေ ရှိနေပါတယ်။

အဆိုပါကျေးရွာကို စစ်ကောင်စီဘက်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုတွေ ရှိခဲ့တာကြောင့် ပျက်စီးထိခိုက်မှုများ များပြားနေကြောင်း နီးစပ်သူများထံမှ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *