
မြန်မာနိုင်ငံရဲ့ ဒုတိယအကြီးဆုံးသော ချင်းတွင်းမြစ်သည် အရှိန်အဟုန်နဲ့ခွင်းလာသည့် မြှားပမာ အထက်ပိုင်းမှ အညာဒေသသို့ တသွင်သွင်စီးဆင်းနေသည်။ ဒီလိုအဟုန်ရှိတဲ့မြစ်ပေါ်ကို လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကိုဖြည့် ဆည်းနိုင်ဖို့ ရေအားလျှပ်စစ်စီမံကိန်းတစ်ခုကို ၂၀၀၄ ခုနှစ်မှာ ထမံသီရေအားလျှပ်စစ်စီမံကိန်းလို့ အမည်ပေးပြီး အိန္ဒိယ နှင့် မြန်မာတို့က ပူးပေါင်းပြီး တည်ဆောက်ဖို့သဘောတူညီကြသည်။ ထိုရေအားလျှပ်စစ်တည်ဆောက်နိုင်ဖို့အတွက် ချင်းတွင်းမြစ်ကမ်းဘေးရှိ ရှမ်းနီကျေးရွာများနှင့် ချင်းကျေးရွာတချို့ရွေ့ပြောင်းဖို့ အတွက် အကြောင်းဖန်လာခဲ့သည်။ သို့သော်လည်း ထိုကျေးရွာများထဲမှာ တဇုံးကျေးရွာက ဒေသခံများကို ဟုမ္မလင်းမြို့အောက်ဘက် “ ရွှေပြည်အေး”လို့ အမည်ပေးထားတဲ့ နေရာဆီကို ပြောင်းရွေ့ပေးခဲ့ကြသည်။ထိုအကြောင်းကိုရွာခံ ဦးကျော်ဇော် က ပြန်ပြောင်းပြောပြပါတယ်။ “ ဒီနေရာတမံလုပ်မယ် ပြောင်းပေးရမယ်။ ရွာသစ်ကို ဒီလိုမျိုးပြောင်းပေးမယ် ရွာသစ်ပြောင်းပေးမယ်အဲ့လိုပဲလာပြောတယ်။ သူတို့အရာရှိတွေပေါ့လေ။ ရွှေပြည်အေးကိုပေါ့လေ၊ တောရိုင်းကိုခုတ်ပြီးတော့ လုပ်ပေးတာ၊ အဲ့တုန်းကတည်းက သစ်ကုမ္ပဏီက ရှိပြီးပြီ။ အဲ့တာကတော့ သူတို့ဖာသာသူတို့ စွမ်းအားရှင်တွေနဲ့ ပြောင်းပေးတာ။ တိုင်းမှူး သာအေးလက်ထက်၊ အိမ်ကိုကြည့်လိုက်တယ်နည်းနည်း ခန့်မှန်းတတ်တဲ့သူတွေပေါ့ ဒီအိမ်ဟာ သစ်ဘယ်နှစ်တန်ရှိမယ်အဲ့လိုပေါ့လေ ဖျက်တဲ့သူဖျက်။ ကျွန်တော်တို့ကဘာမှမထိလိုက်ရဘူး ဝမ်းနည်းလိုက်ရတာပဲရှိတာ” လို့ သူကဆိုပါတယ်။ သူပြောပြသည့်အချိန်ကလွန်ခဲ့သည့် ၁၈ နှစ်တာကာလ ၂၀၀၇ ခုနှစ်တွင် အိန္ဒိယနှင့် မြန်မာကြား စီမံကိန်းစတင်ဖို့ တည်ဆောက်ခဲ့သည့် အချိန်ဖြစ်သည်။ ထိုသို့ တဇုံးကျေးရွာမှ နေအိမ်များကို “စွမ်းအားရှင်” များအသုံးပြုပြီးနေအိမ်ဖျက်ကာ “ရွှေပြည်အေး” မြို့သစ်သို့ ရွှေ့ပြောင်းပေးလိုက်ကြသည်။ ရွှေပြည်အေးမြို့သစ်တွင် တစ်ဦးကို ပေ (၈၀ x ၁၀၀) အကျယ်ရှိ မြေကွက်များကို မဲစနစ်ဖြင့် ခွဲဝေပေးခဲ့သည်။ ဒါ့အပြင် အခင်းကွက် ငါးဧကနှင့် လယ်ယာစိုက်ပျိုးရေးအတွက် လယ်ခုနှစ်ဧကစီကို ရရှိကြသည်။ သို့သော်လည်း ထိုချိန်က စိုက်ပျိုးရေးအတွက်လုပ်ကိုင်ဖို့ အခက်အခဲအင်မတန်များစွာရှိသည့် နေရာများပင်ဖြစ်သည်။ တချို့သည် ကျောက်စရစ် တောများ၊ စိုက်ပျိုးဖို့ခက်ခဲသည့်မြေနေရာများကို မဲပေါက်ကြသည်။ ဒါ့အပြင် ထိုဒေသသည် စိုက်ပျိုးရေးအတွက်လည်း အင်မတန်ခက်ခဲခြင်းကြောင့် “လက်ဖက်”လုပ်ငန်းများကိုအဓိကထား လုပ်ကိုင်ခဲ့ကြသည့် တဇုံးကျေးရွာသူ/သားများအတွက် အခက်အခဲများစွာဖြင့်ကြုံခဲ့ကြရသည်။ ထို့ကြောင့် ရွှေပြည်အေးတွင် ရှိနှင့်ပြီးသား သစ်ထုတ်လုပ်ရေးလုပ်ငန်းတွေမှာ ဝင်ရောက်ပြီးလုပ်ကိုင်ကာ အသက်ဆက်လက်ရှင်သန်ခဲ့ကြရသည်ဟု အသက် ၈၀ အရွယ် ဦးသန်းစိန်က ဆိုသည်။ ထို့ကြောင့် ရွှေပြည်အေးမြို့သူ/သားများသည် သစ်ထုတ်လုပ်ရေးနှင့် ကြုံရာကျဘမ်းလုပ်ငန်းများကို ဆယ်စုနှစ်တစ်ခုကျော်ကြာလုပ်ကိုင်လာခြင်းဖြစ်သည်။ အထက်ပိုင်းဒေသသည် လယ်ယာစိုက်ပျိုးရေး ၊ရွှေတူးဖော်ရေးလုပ်ငန်းများအဓိကထားလုပ်ကိုင်ကြသော်လည်း ရွှေပြည်အေးမြို့၏ အနောက်ဘက်တွင် မြင့်မားသောတောင်တန်းများနှင့် ထူထပ်သော တောများရှိနေပြီး အညာဒေသအတွက် အဓိကကျသည့် သစ်များစွာ ထွက်ရှိနေသည့်ဒေသလည်းဖြစ်သည်။ တဇုံးကျေးရွာမှ ရွေ့ပြောင်းရသူများသည် ထိုသစ်ထုတ်လုပ်ရေးလုပ်ငန်းများကို လုပ်ကိုင်ရင်း ၁၈ နှစ်ကြာ အသက်ရှင်သန်လာခဲ့ကြသည်။
စစ်ရှောင်ဘဝဖြစ်ချေပြီ
တန်ဆောင်မုန်းလဆန်း ၉ ရက်နေ့ ။ ရွှေပြည်အေးမြို့၏ ကထိန်ကျင်းပဖို့အတွက် အလှူခံမဏ္ဍပ်တွင် ဆောင်းဘောက်သံများ ဆူညံနေသည်။ တစ်ဖက်တွင်လည်း သေနတ်သံများက ဆူဆူညံညံထွက်ပေါ်လာနေသည် ။NUG ရဲ့ ပူးပေါင်းတပ်ဖွဲ့များက ရွှေပြည်အေးမြို့ရှိ တပ်စခန်းကို တိုက်ခိုက်နေကြသည့်နေ့လည်းဖြစ်သည်။ ရွှေပြည်အေးမြို့သည် သစ်ထုတ်လုပ်ရေး လုပ်ငန်းဖြင့်လည်း မိသားစုစားဝတ်နေရေးဖူလုံရုံမက ပိုလျှံကြသည်ဟုဆိုသည်။ ထိုကြောင့် အလှူပွဲများ ၊ ပွဲလမ်းသဘင်များပေါများသည့်အရပ်ဖြစ်သည်။ “ ကျွန်တော်တို့ကထိန် မဏ္ဍပ်နဲ့ ကျွန်တော်တို့က အဲ့ဒီမှာနေတာကိုး၊ ဘောက်နဲ့ဘာနဲ့ဆိုတော့ မကြားဘူး။ ဘောက်ပိတ်တော့လို့ပြောမှ သူများတိုက်ပွဲဖြစ်နေပြီလို့ပြောမှ ဟိုး အဲ့တာနဲ့ ပိတ်ပြီးပြေးရတာ” လို့ အသက် ၈၀ ကျော်အရွယ် ဦးသန်းစိန်က ပြောပြသည်။ ထိုတိုက်ပွဲကြောင့် ရွှေပြည်အေးမြို့သူ/သားများသည် မြို့၏အောက်ဘက်ရှိကျေးရွာများသို့ ထွက်ပြေးကြသလို ဟုမ္မလင်းမြို့သို့လည်း ထွက်ပြေးတိမ်းရှောင်ကြသည်။ တိုက်ပွဲက ရွှေပြည်အေးမြို့တစ်ခုတည်းတင်မဟုတ် အနီးနားက ကျေးရွာများသို့ကူးစက်သွားပြီး အနီးနားက ကျေးရွာများသည်လည်း စစ်ဘေးရှောင်ကြရသည်။ ဟုမ္မလင်းမြို့သို့ စစ်ဘေးရှောင်တစ်ထောင်ကျော် တစ်လအတွင်းရောက်ရှိလာခဲ့ပြီး တခြားသောကျေးရွာ များတွင်လည်း စစ်ဘေးရှောင်များအသီးသီးရောက်ရှိသွားကြသည်။ စစ်ဘေးရှောင်ဘဝဖြင့် တစ်နှစ်ကျော်ကြာလာသည့်အခါ အိမ်လွမ်းလာသလို စားဝတ်နေရေးတွေအတွက်လည်း အခက်အခဲများစွာရှိလာသည်။ စစ်မီးကြောင့်ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီး နေထိုင်တည်းခိုစရာ ကျောတစ်ခင်းအတွက် ဟုမ္မလင်းမြို့သူ/သားများနှင့် ရှမ်းနီသံဃာတော်များက ဘုန်းကြီးကျောင်းဝင်းအတွင်းတွင် ကူညီစောင့်ရှောက်ပေးထားကြသည်။ တချို့က ဇာတ်ခုံပေါ်၊ တချို့က မိုးကာတဲတွင် အဖီထိုးပြီး နေကြသည်။ “ ကျွန်တော်တို့ ရောက်စသုံးလလောက်က အလှူ့ရှင်တွေနဲ့ အားရကျေနပ်မှုရှိပါတယ်။ အလှူရှင်တွေက ဆန်တွေ ၊ ဟင်းသီးဟင်းရွက်တွေလှူတယ်။ ပေးပြီးတော့မှ အဲ့လိုချက်စားရတာပေါ့။ ဝိုင်းလုပ်ဝိုင်းစားပေါ့။ လူရှစ်ရာတစ်ထောင်လောက်ရှိတယ်အစောပိုင်းတုန်းက။ အလှည့်ကျချက် သုံးလေးလလောက်က အဲ့လိုလုပ်ကြတယ်။ ပြီးတော့ အခု ဒီဟိုဟာလောက်ပေါ့ တပို့တွဲလောက်ထိစားကြတယ်၊ ၆ လပိုင်းကတော့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ကလေးထောက်ပံ့လို့ နည်းနည်းလေးခံသာတာ” လို့ ဦးကျော်ဇော်ကဆိုသည်။ စစ်ဘေးရှောင်များသည် စားနပ်ရိက္ခာအတွက် ဒေသတွင်းအလှူရှင်များ၏ ကူညီပံ့ပိုးမှုများဖြင့် အသက်ဆက်ရှင်ရ သော်လည်း ရေရှည်ရပ်တည်ရေးအတွက် အပြင်ထွက်ပြီး နေ့စားလုပ်ငန်းများဖြစ်သည့် ပန်းရံ ၊လက်သမား ၊ ကုန်ထမ်း နှင့် ရွှေမျှောများတွင် အလုပ်လုပ်ကိုင်ကြသည်။ စစ်ဘေးရှောင်များ၏ ဘဝသည် နေအိမ်ပြန်လို စိတ်များသာ ပြင်းပြနေကြသော်လည်း နေရပ်ပြန်မည့်အရေးက တစ်နှစ်ကျော်ကြာလာသည်အထိ အခြေအနေက မပေးဖြစ်နေသည်။ ရှမ်းနီတိုင်းရင်းသားတို့သည်က ဇာတိပုညကို စွဲလမ်းတပ်မက်ကြသည်။ “ နမ့်နားဖာတာ့” ကိုအခြေခံပြီးရွာတည်မြို့တည်ကြသောကြောင့် မည်သည့်အခြေအနေကို မဆို နေရပ်သို့သာပြန်လိုစိတ်များရှိနေကြသည်။ ဟုမ္မလင်းမြို့အတွင်း ရောက်ရှိလာခဲ့ကြသည့် ရှမ်းနီစစ််ဘေးရှောင်များသည် အချိန်တိုင်း ရွှေပြည်အေးမြို့ကို ငြိမ်းချမ်းစေချင်ပြိီးနေရပ်သို့သာပြန်လိုနေကြသည်။
နှစ်ဘဝနဲ့ရွှေပြည်အေး
စီမံကိန်းကြောင့် ရွှေ့ပြောင်းလာရသူများလည်း ၁၈ နှစ်အကြာတွင် မထင်မှတ်ထားသည့် စစ်ဘေးရှောင်ဘဝသို့ရောက်ခဲ့ကြသည်။ တချို့သည် စစ်ဘေးရှောင်ရင်း စိတ်ရောဂါများရသွားကြသည်။ စစ်ဘေးရှောင် ရှစ်လအတွင်း စိတ်ရောဂါကြောင့် ၅ ဦးဝန်းကျင်သေဆုံးခဲ့သည်။ တခြားသော ရောဂါအခံများဖြင့်လည်း သေဆုံးကြသည်။ “ ကံကုန်နေ့စေ့တွေပေါ့လေ။ ကျွန်တော့်သမီးကတော့ ငယ်သေးတယ် စိတ္တဇပေါ့လေ။ သူ့ရဲ့မောင်နဲ့လည်းမတွေ့ရ ဟိုမှာကျန်ထားတာဆိုတော့၊ မခံတတ်တဲ့သူက မတတ်နိုင်ဘူးလေ” လို့ သမီးသေဆုံးသွားခဲ့သည့် စစ်ရှောင်တစ်ဦးဆိုသည်။
“ ကိုယ့်အိမ်ကိုယ့်ရာကိုတော့ ပြန်ချင်တာပေါ့။ အိမ်ပြန်သွားလည်း အိမ်ကခါလီကြီးပဲကျန်တော့တယ်။ ကျွန်တော်တို့ခါးဝတ်ခါးစနဲ့ပြေးရတာဆိုတော့၊ အိမ်မှာကတော့ ဘုရားဟောအတိုင်း ကိုယ်ဘာမှ မပိုင်တော့ဘူး၊ ဟယ့် ဟယ် “ လို့ ဦးကျော်ဇော်ကဆိုသည်။ လက်ဖက်ခင်းပိုင်ရှင်များဘဝကနေ သစ်ထုတ်လုပ်ရေးလုပ်ငန်းများလုပ်ကိုင်ကြသူ ထိုမှတဆင့် အကဇာတ်ခုံပေါ်၊ မိုးကာတဲပေါ်နေထိုင်ရသည့် စစ်ဘေးရှောင်ဘဝအဖြစ်ရောက်လာကြသည့် ရွှေပြည်အေးမြို့က စစ်ရှောင်များဖြစ်သည်။
စစ်ရှောင်ရသည့်ဘဝကြာရှည်လာသည်နှင့်အမျှ စားဝတ်နေရေးကြပ်တည်းလာကြသည်။ မြန်မာတစ်နိုင်ငံလုံး၏ စီးပွားရေးကျဆင်းလာသည်နှင့်အမျှ မိသားစုစားဝတ်နေရေးကိုသာ အာရုံစိုက်နိုင်ပြီးတခြားသော လုပ်ငန်းများတွင် ပေးလှူနိုင်သူများနည်းပါးလာသည်။ထို့ကြောင့် တိုက်ပွဲများကြောင့် စစ်ရှောင်ကြသူများလည်း တဖြည်းဖြည်းခက်ခဲလာကြသည်။ စစ်ဘေးရှောင်ပြီး သုံးလအထိ မြို့နယ်အတွင်းက အလှူရှင်များ၊ အရပ်ဘက်အဖွဲ့အစည်းများ၏ ကူညီမှုများဖြင့် စုပေါင်းနေထိုင်ခဲ့ရသော်လည်း လက်ရှိတွင် ပြင်ပလုပ်ငန်းများလုပ်ကိုင်ပြီး စားဝတ်နေရေးဖြေရှင်းနေကြရသည်ဟု ဆိုသည်။ “ နေ့စားအလုပ်လေးဘာလေးလုပ်တာပေါ့၊ စစ်ဘေးရှောင်ဆိုတော့ဘာအလုပ်မှမရှိဘူး” လို့ ဦးကျော်ဇော်က ဆက်ဆိုသည်။ စစ်ဘေးရှောင်ဘဝသည် ယခင်က ကျေးရွာပြောင်းခဲ့ရသည့် ဘဝထက်ပိုခက်ခဲကြသည်။ မည်သည့်အချိန်တွင် အေးချမ်းမည်မသိ။ နေအိမ်သို့ပြန်လိုသော်လည်း နေအိမ်က ရှိသေးသလား ၊ မရှိတော့သည်လားမသိတော့ပေ။ တချို့လည်း နေအိမ်ကို အဝေးကနေ သွားချောင်းကြည့်ကြသည်အထိ သတိရကြောင်း စစ်ဘေးရှောင်များကဆိုကြသည်။ ဘဝအသစ် စ ခဲ့သည့် ၁၈ နှစ်အကြာတွင် နောက်ထပ်ဘဝနောက်တစ်ခုကို ဖြတ်သန်းနေကြရသည်။ မိုးကြမ်းလာလျှင်မိုးကာတဲလေးက မိုးရေစိမ့်စိမ့်လေးရှိလာပြီး ဆောင်းဥတုဆိုလျှင်လည်း အေးစိမ့်နေသည့် အတွက်ကြောင့် စစ်ရှောင်ဘဝက ပိုခက်ခဲသည်ဟု စစ်ရှောင်များက တစ်ညီတစ်ညွှတ်တည်း ငြီးငြူပြောဆိုနေကြရင်း အိမ်ပြန်နိုင်မည့်ရက်ကို စောင့်မျှော်နေကြတော့သည်။