
ဇွန် ၂၅ ၊ စက်တော
ဗန်းမောက်မြို့အနီးရှိ ကတူးကျေးရွာတစ်ခုဖြစ်တဲ့ စက်တောကျေးရွာမှ စစ်ရှောင်များကို ဒီနေ့ ဇွန်လ ၂၅ ရက်နေ့ကစလို့ နေအိမ်မှာပြန်နေထိုင်ကြပြီဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။
စက်တောကျေးရွာမှာ ဒေသခံတွေကို ပြန်လည်နေထိုင်ခွင့်အတွက် ရှမ်းနီအမျိုးသားများတပ်မတော် SNA တပ်မဟာ ၆၁၄ က ခွင့်ပြုပေးလိုက်တာဖြစ်တယ်လို့ ဒေသခံ သတင်းအရင်းအမြစ်က ဆိုပါတယ်။
ဒီနေ့ မနက်ပိုင်းမှာပဲ စက်တောကျေးရွာအတွင်း ဝင်ရောက်နေထိုင်တဲ့ အိမ်ထောင်စု ၁၁၁ အိမ်ရှိပြီး အမျိုးသား ၁၂၆ ဦးနဲ့အမျိုးသမီး ၁၉၅ ဦး စုစုပေါင်း ၃၂၁ ဦးရှိတယ်လို့ သိရပါတယ်။
“ အခုလက်ရှိတဲ့ ၁၁၁ အိမ်ကျတော့ အရင်ကတည်းက တိုက်ပွဲဖြစ်ကတည်းကစပြီးတော့ စက်တောဘုန်းကြီးကျောင်းမှာနေတဲ့အဖွဲ့တွေ၊ သူတို့အိမ်နဲ့ သူတို့ရွာကို နေထိုင်ခွင့်ပြုဖို့တောင်းဆိုလာလို့ SNA က ခွင့်ပြုပေးခဲ့တာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
စက်တောကျေးရွာမှ အခုလိုနေအိမ်အတွင်းသို့ ဝင်ရောက်နေထိုင်ခွင့်ပြုမှုဟာ ပထမတစ်ကြိမ်ဖြစ်ပြီး မကြာခင် နေအိမ်သို့ဝင်ရောက်ခွင့်တွေကို ဆက်လက်ခွင့်ပြုပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
ကတူးစစ်ရှောင်တွေဟာ ကတူးကျေးရွာများအားလုံး မိမိနေအိမ်များတွင်ကိုယ်စီပြန်နေထိုင်ခွင့်ရရှိတော့မှာဖြစ်ပြီး လယ်ယာလုပ်ငန်းလုပ်ကိုင်ခွင့်တွေကိုလည်း ပြန်လည်ရရှိတော့မှာဖြစ်တယ်လို့ ဇွန်လလယ်မှာ ကတူးလူငယ်အဖွဲ့ချုပ်က ထုတ်ပြန်ခဲ့ပါတယ်။
ဗန်းမောက်မြို့နယ်အတွင်းက စစ်ဘေးတိမ်းရှောင်နေရသူတွေ နေရပ်ပြန်နိုင်ရေးအတွက် ရှမ်းနီ ဆရာတော် ၊ ကတူးဆရာတော်တွေနဲ့ ကတူးအရပ်ဘက်အဖွဲ့အစည်းတွေက ပြီးခဲ့တဲ့ မတ်လကတည်းကစလို့ ဆွေးနွေးမှုတစ်ရပ်ပြုလုပ်ခဲ့ကြတာလည်းဖြစ်ပါတယ်။
ဗန်းမောက်မြို့သိမ်းတိုက်ပွဲကြောင့် မြို့ပေါ်နဲ့အနီးနားကျေးရွာ ဒေသခံထောင်နဲ့ချီဟာ စစ်ဘေးလွှတ်ရာကို တိမ်းရှောင်ခဲ့ရပြီး SNA ပြန်လည်ထိန်းချုပ်ပြီးနောက် မြို့ပေါ်နဲ့ ကျေးရွာတချို့မှာ စစ်ရှောင်များပြန်လည်ဝင်ရောက်လာနေပြီဖြစ်တယ်လို့ သိရပါတယ်။
