
နိုဝင်ဘာ ၂၈ ၊ ဟုမ္မလင်း
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်အတွင်းမှာ စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန်စျေးနှုန်းတွေဟာ စံချိန်တင်မြင့်တက်လာနေပါတယ်။
ဟုမ္မလင်းမြို့ကို စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန်တွေ ဝင်ရောက်မယ့်လမ်းပိုင်းတွေအားလုံး ပိတ်ဆို့ခံထားရတာကြောင့် ကုန်စျေးနှုန်းတွေ မြင့်တက်လာနေတာပဲဖြစ်ပါတယ်။
စက်သုံးဆီတွေဟာ စစ်ကိုင်းတိုင်းအတွင်းမှာ စစ်တပ်က ကန့်သတ်ထားသလို NUG ထိန်းချုပ်စိုးမိုးနယ်မြေတွေကလည်း ဟုမ္မလင်းမြို့ကိုသွားမယ့် စက်သုံးဆီတွေကို လုံးဝပိတ်ပင်ထားတာဖြစ်ပါတယ်။
ဒါ့အပြင် ဟုမ္မလင်းမြို့ကို ဦးတည်လာတဲ့ စက်သုံးဆီတင်တဲ့ သင်္ဘောတွေဟာ ကလေးဝအနီးမှာ တားဆီးပိတ်ပင်ခံထားရပြီး မြို့နယ်အတွင်းမှာ တစ်ပေပါ သိန်းလေးဆယ်ဝန်းကျင်အထိ စျေးနှုန်းတွေမြင့်တက်လာနေတာဖြစ်ပါတယ်။
“ ဓာတ်ဆီတစ်လီတာကို နှစ်သောင်း ၊ ဒါလည်း အကန့်အသတ်နဲ့ ပန့်ဆိုင်တွေမှာ နှစ်သောင်းဖိုးပဲရောင်းပေးတာ၊ပိုမရောင်းပေးဘူး။ ဆီတွေပြတ်နေတာ” လို့ ဟုမ္မလင်းမြို့ခံတစ်ဦးကပြောပါတယ်။
စက်သုံးဆီစျေးတွေ မြင့်တက်နေသလို အခြေခံစားသောက်ကုန်တွေလည်း တခြားဒေသနဲ့ နှိုင်းယှဉ်မယ်ဆိုရင် လေးဆကျော်မြင့်တက်နေတာပါ။
“ ကျွန်တော်တို့ ကွမ်းလည်း လေယာဉ်နဲ့လာရတယ်။ လူစီးဖို့လက်မှတ်တာမရှိတာ ။ ကွမ်းကတော့ လေယာဉ်စီးပြီးလာတာ။ စျေးကြီးလည်းပေးဝယ်စားရတော့တာ။ အကုန်လုံး စားသောက်ကုန်တွေက လေယာဉ်နဲ့ပဲလာတော့တာ” လို့ ချင်းတွင်းဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
ဟုမ္မလင်းမြို့နယ်အတွင်းက ကုန်ပစ္စည်းပြတ်လပ်မှုတွေကြောင့် အိန္ဒိယနယ်စပ်ဒေသကနေ တင်သွင်းလာတဲ့ စားသောက်ကုန်တွေကို ပြန်လှန်မှီခိုနေရတယ်လို့သိရပါတယ်။
သို့ပေမယ့် လောက်ငှမှုမရှိတာအပြင် အိန္ဒိယဘက်ကလည်းပိတ်ပင်မှုတွေကြောင့် အနည်းအကျဉ်းသာဝင်ရောက်တာဖြစ်တယ်လို့ဆိုပါတယ်။
ဟုမ္မလင်းမြို့ကို ဝင်ရောက်တဲ့လမ်းပိုင်းအားလုံးဟာ လက်နက်ကိုင်တပ်ဖွဲ့တွေက ပိတ်ပင်တားဆီးလိုက်တာကြောင့် မြို့နယ်အတွင်းမှာ ကုန်ပစ္စည်းတွေပြတ်လပ်ရတာဖြစ်တယ်လို့ ဒေသခံအများစုက ပြောဆိုကြပါတယ်။
ရှမ်းနီအသံရဲ့ လေ့လာမှုအရ ကုန်ပစ္စည်းတွေပြတ်လပ်မှုကြောင့် စားသောက်ကုန်တချို့ ကုန်ဆုံးရက်လွန်ပေမယ့် စျေးကွက်အတွင်းမှာ ရောင်းချမှုတွေရှိနေပြီး ဝယ်ယူစားသုံးသူတွေလည်းရှိတယ်လို့သိရပါတယ်။
ဟုမ္မလင်းမြို့ရဲ့ ကုန်စည်အားလုံးနီးပါးဟာ လေကြောင်းလိုင်းတွေနဲ့သာ သယ်ယူနေရပြီး ကုန်ပစ္စည်းစျေးနှုန်းတွေဟာ ကြီးမြင့်နေတာလို့ဆိုပါတယ်။
