ဆင်ဘိုမြို့ ရိက္ခာလမ်းကြောင်း ဖြတ်တောက်ခံထားရသလို ဂိတ်ပေါင်းများစွာကို ဆက်ကြေးပေးဆောင်နေရ

ဇူလိုင် ၁၀ ၊ ဆင်ဘို

မြစ်ကြီးနားမြို့နယ်အတွင်း KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ ဆင်ဘိုမြို့ကို စစ်ကောင်စီက နှစ်လကျော်ကြာ ရိက္ခာဖြတ်ထားသည့်အပြင် KIA+PDF ပူးပေါင်းတပ်တွေရဲ့ ရေလမ်းကြောင်းဂိတ်များစွာကို ဂိတ်ကြေးပေးနေရတယ်လို့ ဒေသခံသတင်းအရင်းအမြစ်ထံကနေ သိရှိရပါတယ်။

စစ်ကောင်စီအနေနဲ့ ဆင်ဘိုမြို့ကို အမဲရောင်နယ်မြေအဖြစ်သတ်မှတ်ပြီး ဗန်းမော်မြို့ကနေ ကုန်စည်တင်ဆောင်ခြင်းကို လုံးဝပိတ်ပင်ထားဆီးထားတာဖြစ်တယ်လို့ ဆင်ဘိုမြို့ဒေသခံတစ်ဦးက ဆိုပါတယ်။

“ပြောမယ်ဆိုရင်တော့ စစ်တပ်က ရိက္ခာဖြတ်တာ ဖြစ်မှာပေါ့။ ဆင်ဘိုက အမဲရောင် သူတို့သတ်မှတ်တဲ့အခါကြတော့ ကုန်မတင်ခိုင်းတော့တာ။ မပို့ခိုင်းတော့တာ။ ရိက္ခာဖြတ်တဲ့ သဘောဖြစ်မှာပေါ့။ ဗန်းမော်ကနေဆိုရင် ပိုပြီးမှ မတင်ခိုင်းတော့ဘူး။ ဒီစားသောက်ကုန်တွေ။ အစစအရာရာပါ့လေ။” လို့ သူက ပြောပါတယ်။

စစ်ကောင်စီက ဗန်းမော်မြို့ကနေ ဆင်ဘိုမြို့ကို ကုန်စည်တင်ဆောင်ခြင်း ပိတ်ပင်ထားပေမယ့် မြစ်ကြီးနားမြို့ကနေတော့ ရေယာဥ်ငယ်တွေနဲ့ ကုန်စည်အနည်းအကျဥ်းတင်ဆောင်ခွင့်ပေးထားတယ်လို့လည်း ၎င်းက ထပ်မံ ပြောဆိုပါတယ်။

“ ကြာပြီကော။ ဟိုဟာလောက် ရှိသွားပြီးကော။ နှစ်လကျော် သုံးလလောက်တောင် ရှိသွားပြီကော။ နဲနဲပါးပါးကလေး ဒီလှေကလေးနဲ့ နဲနဲပါးပါးလေးတင်တာ အဲ့ဒီလောက်ပဲရှိတာကို။ လှေကြီးဆိုရင် လုံးလုံးကို မသွားခိုင်းတော့တာ လှေကြီးဆိုရင်”

ဗန်းမော်မြို့ကနေ ဆင်ဘိုမြို့အထိသွားမယ့် စက်လှေတွေကို ကမ်းကပ်ခွင့် ၊ ထွက်ခွင့်တွေပိတ်ထားတာဖြစ်တယ်လို့ ရေယာဥ်ပိုင်ရှင်တွေဆီကနေ သိရပါတယ်။

ဆင်ဘိုမြို့ကို မြစ်ကြီးနားကနေ ကုန်တင်သွားတဲ့ စက်လှေတွေကိုတော့ KIA+PDF ပူးပေါင်းတပ်တွေရဲ့လုံခြုံရေးဂိတ်တွေက ဂိတ်ကြေးပေးဆောင်းခိုင်းကြတာဖြစ်တယ်လို့ ဆိုပါတယ်။

“ ကောက်တာက သူတို့ ဒီ ပီဒီအက်တွေက ကောက်တာ တအားများတယ်လေ။ ဂိတ်က လေးနေရာ ငါးနေရာလောက်ဆိုတော့ သူတို့က တစ်နေရာနဲ့ တစ်နေရာမတူဘူး။ တစ်ချို့ကတော့လည်း တစ်သိန်းတဲ့ အဲ့လိုကောက်တာ။ တစ်ချို့နေရာလည်း သုံးသောင်း ကောက်တဲ့နေရာမျိုး ရှိသေးတယ်။ ငါးသောင်းကောက်တဲ့နေရာမျိုးရှိတယ်။ ပုံမှန်မရှိဘူး။ သူတို့က လူကိုကြည့်ပြီးမှ အဲ့ဒါမျိုးကောက်တာကြီးကို။ ခုက စက်လှေတစ်စီးမှာ အဲ့လိုကြီးတောင်းတဲ့အခါကြတော့ သွားတဲ့လူကလည်း မကိုက်တော့ဘူးလေ။ ဆီဈေးကလည်း တစ်အားကြီး မြင့်တာနဲ့ဆိုတော့ ” လို့ သူကပြောပါတယ်။

ဆင်ဘိုမြို့သည် စစ်ကောင်စီ၏ ကုန်စည်တင်ဆောင်ခွင့် ကန့်သတ်ပိတ်ပင်မှုကြောင့်အပါအဝင် တော်လှန်ရေးအင်အားစုများအတွက် ပေးဆောင်ရသည့် ဂိတ်ကြေးပမာဏ များပြားမှု စတာတွေကြောင့် အခြေခံစားသောက်ကုန်မှအစ ပြတ်လပ်မှုတွေ ရှိနေတယ်လို့လည်း သိရှိရပါတယ်။

မြစ်ကြီးနားမြို့နယ် ဆင်ဘိုမြို့က မြို့စောင့်တပ်ဖြစ်တဲ့ ခလရ ၁၄၁ စခန်းကိုပြီးခဲ့တဲ့ ဧပြီလ ၂၉ ရက်နေ့မှာ ကချင်လွတ်မြောက်ရေးတပ် KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး အလုံးစုံထိန်းချုပ်ထားတာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *