
စက်တင်ဘာ ၂၂ ၊ ဖားကန့်
ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာ ၊ ရွာလယ်လမ်းမကြီးရှိ ဆေးခန်းတစ်ခုရှေ့တွင် စက်တင်ဘာလ ၂၁ ရက် ညနေ ၅ နာရီအချိန်မှာ ဆေးခန်းပြလာသော ရဲကားတစ်စီး သေနတ်ပစ်ခံရပြီး ရဲတစ်ဦးသေဆုံးသွားတယ်လို့ ဒေသခံများထံမှ သိရပါတယ်။
“ ကျွန်တော်တော့ကြားတာကတော့ဆေးခန်းလာရင်းနဲ့အဲ့ဒီမှာရပ်ပြီးတော့ပစ်ခံရတာလားမသိဘူး။အဲ့ဒီဆေးခန်းနားမှာပဲအဲ့နားမှာဆေးခန်းတစ်ခန်းရှိတယ်၊တိတိကျကျကတော့ကာယကံရှင်မဟုတ်တော့မသိဘူး။နှစ်ယောက်သုံးယောက်ကတော့ထိတယ်။ဆိုင်ကယ်နဲ့လာတဲ့အရပ်သားလည်းထိတယ်လို့ကြားတယ်။ ” ဟုဆိပ်မူကျေးရွာသားတစ်ဦးကရှမ်းနီအသံကိုပြောပြပါတယ်။
အဆိုပါယာဉ်ပေါ်တွင် ရဲတပ်သားသုံးဦး လိုက်ပါစီးနင်းလာတာဖြစ်ပြီး လက်နက်ကိုင်တွေရဲ့ သေနတ်ဖြင့် ရုတ်တရက်ပစ်ခတ်တိုက်ခိုက်ခံရမှုကြောင့် ရဲ့တပ်ကြပ် ဝင်းဇော်ဦးက သေဆုံးသွားတာလည်း ဖြစ်ပါတယ်လို့ ပြောဆိုကြပါတယ်။
ပစ်ခတ်ခံရပြီးတဲ့နောက် စစ်ကောင်စီတပ်ဖွဲ့တွေဟာ ရွာလယ်လမ်းမကြီးဖြတ်သန်းသွားလာမှုတွေကို ပိတ်ထားလိုက်ပြီး စစ်ဆေးမှုတွေနဲ့ သေနတ်ပစ်ခတ်မှုတချို့ရှိခဲ့တယ်လို့ ဖြစ်စဉ်ဖြစ်ပွားပြီးနောက် မျက်မြင်တွေ့ခဲ့သူတစ်ဦးက ဆိုပါတယ်။
“ ကျွန်တော်ကထွက်သွားတဲ့အခါကျတော့သွားနေတုန်းတံတားနားရောက်နေတုန်းသေနတ်သံတစ်ချက်ဗျောင်းကနဲပဲဆိုတော့လူတွေပြေးရင်းလွှားရင်းဆိုတော့ကျွန်တော်လည်းပြန်လှည့်ခဲ့တော့တာ။ တံတားဟောင်းထိပ်လမ်းဆုံမှာလည်းဝါးလုံးတွေနဲ့တားထားတယ်လေ။မိန်းလမ်းကိုမသွားဖို့ကျွန်တော်လှမ်းကြည့်တော့ဖြစ်တဲ့နားမှာလည်းဆိုင်ကယ်လေးစီးနဲ့လမ်းပိတ်ပြီးတားထားတာ” လို့၎င်းကပြောပါတယ်။
အခုလို ပစ်ခတ်တိုက်ခိုက်မှုကို KIA +PDF ပူးပေါင်းတပ်ဖွဲ့တွေက ပြုလုပ်ခဲ့တာလို့ သတင်းတွေထွက်ပေါ်ထွက်နေပါတယ်။
စက်တင်ဘာလ ရက်ပေါင်း ၂၀ အတွင်းမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ရဲတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း လုပ်ကြံသတ်ဖြတ်ခံခဲ့ရတယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။