ဆိုးကျော့သံသရာနဲ့ရှင်သန်နိုင်ရေး

ယနေ့သည် သမိုင်းဘီးတစ်ပတ်လှည်ခဲ့သော နေ့ဖြစ်သည်။ တစ်နည်းအားဖြင့် ဆိုးကျော့သံသရာလည်သည့် နေ့လည်းဖြစ်သည်။ ဤနိုင်ငံသမိုင်းကိုပြန် ကြည့်လျှင် စည်းစည်းလုံးလုံး တည်ငြိမ်အေးချမ်းစွာဖြင့် ရာစုနှစ်မျှကြာအောင် ရှိခဲ့ဟူ၍ပင် မရှိသလောက်ဖြစ်သည်။ ဤသည်မှာ ဤနိုင်ငံ၏ လက္ခဏာ တစ်ရပ်အဖြစ် ဖြစ်တည်ခဲ့သည်။

အထူးအားဖြင့် မိမိတို့လို တိုင်းရင်းသားနယ်မြေများဟု ခေါ်ဆိုကြသော ပြည်မမဟုတ်သော နယ်မြေများအတွက် ဤအခြေအနေသည် သာ၍ထင်ရှားလှပေသည်။

ဤနိုင်ငံကို ရေကန်ကြီးတစ်ကန်ဖြင့် နှိုင်းယှဉ်ရလျှင် မိမိတို့ရှမ်းနီလူမျိုးများသည်လည်း ရေလှိုင်းပေါ်က ဗေဒါပင်များပမာ ဖြစ်ပေမည်။ ဗေဒါလမ်းကဗျာထဲကလို လှိုင်းတက်လျှင် ဗေဒါတက်၍ လှိုင်းဆင်းရင် ဗေဒါဆင်းကြရမည်မှာ  လောကဓမ္မတာဖြစ်သည်။

လှိုင်းသည် မည်မျှကြီးကြီး မမြှုပ်နိုင်သော သင်္ဘောတစ်စင်းလို ရပ်တည်နိုင်အောင် ကြိုးစားရေပေမည်။ ရံဖန်ရံခါ မိမိကိုယ်ကို ရှင်သန်အောင်ကြိုးစားရင်း ပတ်ဝန်းကျင်၏ ရိုက်ခတ်မှုကိုလည်း အန်တုကြရသည်မှာ ဖြစ်တတ်သည့် သဘာဝဖြစ်သည်။

သစ်ပင်ဥပမာကို ညွှန်ပြရလျှင် လွင်ပြင်ထဲ ထီးထီးဖြစ်နေသော သစ်ပင်သည် မည်မျှ ခိုင်ခန့်စေကာမူ လဲပြိုပျက်စီးတတ်သည်။ တောအုပ်အတွင်းမှ သစ်ပင်တို့သည်သာ တစ်ဦးကိုတစ်ဦး အမှီသဟဲပြု၍ မယိမ်းမယိုင်နေရသည်ကိုလည်း သတိမူရပေမည်။ သစ်ပင်တို့ ရှင်သန်စည်ပင်ဖို့ရန် ရေ ၊ လေ ၊ မြေ  နှင့် အလင်းတို့ကို အပြန်အလှန်မမှီသဟဲကျေးဇူးပြုရသည့် သဘောတရားကိုလည်း မမေ့အပ်ပေ။

အဆုံးတွင် အချင်းချင်း စည်းလုံးညီညွတ်ခြင်း ၊ မိတ်ကောင်းဆွေကောင်းရှိခြင်း နှင့် အနာဂတ်ကို မှန်မှန်ကန်ကန် မျှော်မှန်းချင့်ချိန်နိုင်ခြင်းသည် ခက်ခဲသည်မှန်သော်လည်း အမျိုးကြီးပွားတိုးတက်ရှင်သန် ရေးအတွက် အဆုံးအဖြတ်ပေးမည့် အကြောင်းအရာများ ဖြစ်ပေလိမ့်မည်။ 

အယ်ဒီတာ 

Leave a Reply

Your email address will not be published. Required fields are marked *