
ဧပြီ ၂၂၊ အင်းတော်
NUG ထိန်းချုပ်ထားတဲ့ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း အင်းတော်မြို့ကို ကသာမြို့ရောက်နေတဲ့ စစ်တပ်စစ်ကြောင်းက ထိုးလာနိုင်တယ်လို့ ပြည်သူ့ကာကွယ်ရေး(အင်းတော်)ပ.က.ဖ က ဒေသခံတွေကို အသိပေးစာတစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။
မနေ့က ဧပြီ ၂၁ ရက်မှာ ထုတ်ပြန်ခဲ့ပြီး စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေကြား နှစ်ဖက်တိုက်ပွဲ အချိန်မရွေး ပြင်းအထန်ဖြစ်လာနိုင်တာကြောင့် ဒေသခံများအားပြောင်းရွေ့ကြဖို့နဲ့ လေကြောင်းအန္တရာယ်ကိုကာကွယ်ဖို့ ကြိုတင်ပြင်ထားဖို့ အသိပေးထားတာပါ။
စစ်ကြောင်းထိုးမယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီးနောက် အင်းတော်မြို့ကနေ မိုးညှင်းမြို့ဘက်ကို ဒေသခံတချို့ ကြိုတင်တိမ်းရှောင်မှုတွေရှိနေတယ်လို့ မိုးညှင်းဒေသခံတွေထံကနေသိရပါတယ်။
“ ကားတွေရော ဆိုင်ကယ်တွေနဲ့ရော မိုးညှင်းဘက်ကို လာခဲ့တာတွေ့တယ် ကလေးတွေရောခေါ်ခဲ့ကြတယ် စစ်ကြောင်းက ၃ ကြောင်းခွဲပြီးမှ တက်ခဲ့တယ်လို့ ပြောတာပဲ ” လို့ မိုးညှင်းမြို့ခံတစ်ဦးက ဆိုပါတယ်။
စစ်ကော်မရှင်က ဧပြီ ၁၃ ရက်ကစလို့ ကသာမြို့နဲ့ထီးချိုင့်နယ်အစပ် ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်ကြောင်းထိုးလာတာလို့သိရပြီး ယခုအခါ စစ်ရေးအရ အရေးပါတဲ့ အင်းတော်မြို့နဲ့ နဘားလမ်းဆုံကို ပြန်လည်သိမ်းယူမှာလို့ သတင်းတွေထွက်ပေါ်နေတာပါ။
အင်းတော်မြို့ကို စစ်ကြောင်းထိုးဖို့အတွက် သတင်းတွေ တိကျသေချာသလောက်ရှိနေပြီး အရေးပေါ် ဆေးဝါး၊ ရိက္ခာတွေ နဲ့ လိုအပ်တဲ့ အရေးကြီးပစ္စည်းတွေကို ထုပ်ပိုးပြင်ဆင်ထားဖို့အတွက် Indaw Revolution IR အဖွဲ့ကလည်း ထုတ်ပြန်ထားပါတယ်။
အင်းတော်မြို့ကို တော်လှန်တပ်တွေက ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဩဂုတ်လမှာ တိုက်ခိုက်ခဲ့ပြီး ၂၀၂၅ ခုနှစ် ဧပြီလမှာ သိမ်းပိုက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းအတွင်းက တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထားတဲ့ မြို့တွေကို ၂၀၂၆ ခုနှစ်မှာ တစ်မြို့ပြီးတစ်မြို့ ပြန်လည်လက်လွှတ်နေရတာလည်းဖြစ်ပါတယ်။
