တစ်နိုင်ငံလုံးမှာ အခြေခံပညာကျောင်းများ စတင်ဖွင့်ပေမယ့် ဗန်းမောက်မြို့မှာ တစ်ကျောင်းမှ မဖွင့်နိုင်သေး 

ဇွန် ၁ ၊ ဗန်းမောက် 

၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်  အခြေခံပညာကျောင်းများကို ဒီကနေ့ ဇွန်လ ၁ ရက်နေ့မှာ စတင်ဖွင့်လှစ်ပြီဖြစ်ပေမယ့်   စစ်ရေးအခြေအနေ တင်းမာနေတဲ့ ဗန်းမောက်မြို့နယ်မှာတော့ အခြေခံပညာကျောင်းများအားလုံး မလှစ်နိုင်သေးတာကို ရှမ်းနီအသံက စုံစမ်းသိရှိရပါတယ်။

ဗန်းမောက်မြို့နယ် ဒီနေ့ ဇွန်လ ၁ ရက်နေ့မှာ စာသင်ကျောင်းသွားနေတဲ့  ကျောင်းသူ ကျောင်းသားတွေရဲ့ သွားလာလှုပ်ရှားမှုကို မတွေ့ရသေးဘူးလို့ ကျောင်းသားမိဘတွေဆီကနေသိရပါတယ်။ 

“ကျောင်းကတော့ မသွားကြသေးဘူး။ ငါ မမြင်မိဘူး။ ငါလည်း ကြည့်မှ မကြည့်ချေတာအေးမောင် ငါ့ကလေးတွေမှာ ငါ ကသာပို့ကုန်တာကို။ များသောအားဖြင့် ကသာတို့ ဘာတို့ အင်းတော်က ကသာတို့ အင်းတော်တို့ မိုးညှင်းတို့ မြစ်ကြီးနားတို့ ပို့ကြတာ များတယ်လေ။ ဗန်းမောက်မှာ ပြီးခဲ့တဲ့နှစ်ကလို ဖြစ်မှာစိုးလို့ပါ့ညယ်။ ကျောင်းပြောင်းပြီးတော့ ထားကြကုန်တော့တာပါ့။”

ငွေကြေးတတ်နိုင်သည့် ကျောင်းသားမိဘများက ကသာမြို့၊ အင်းတော်မြို့၊​မိုးညှင်း နှင့် တခြားသောမြို့ကြီးတွေမှာ သွားရောက် ပညာသင်ကြားစေကြောင်း စုံစမ်းသိရပါတယ်။ 

ဗန်းမောက်မြို့နယ်မှာ ဗန်းမောက်မြို့ပေါ်ကျောင်းအပါအဝင် မြို့အနီးအနားပတ်ဝန်းကျင်က ကျောင်းတွေကို ဒီနှစ်ပညာသင်နှစ်အတွက် ဖွင့်လှစ်နိုင်ဖို့ ရည်ရွယ်ထားပေမယ့် အခုအချိန်အထိ ကျောင်းအပ်လက်ခံတာတွေ မလုပ်နိုင်ဘူးလို့ သိရပါတယ် ။

ဗန်းမောက်မြို့ပေါ်က ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းနှစ်ကျောင်းထဲက တစ်ကျောင်းကတော့ ကျောင်းသားဦး တော်တော်များတယ်လို့ ကျောင်းသားမိဘက ထပ်မံ ပြောဆိုလာပါတယ်။ 

ကိုယ်ပိုင်ကျောင်းကလည်း တစ်ကျောင်းတည်းလား မသိဘူးနော်။ သူကတော့ တော်တော်လေးကျောင်းသားဦးရေများတယ်တဲ့ အဲ့မှာလည်း ကြားနေရတာ။ ငါလည်း လက်တွေ့ကတော့ ငါလည်း မမေးမိဘူး။”

ဗန်းမောက်မြို့နယ်နဲ့ ထိစပ်နေတဲ့ အင်းတော်မြို့နယ်မှာတော့ မြို့ပေါ်ကျောင်းတွေနှင့် မြို့အနီးအနားပတ်ဝန်းကျင်ရှိ ကျောင်းတွေ ဖွင့်လှစ်နိုင်နေပြီး ကျောင်းသားဦးရေလည်း ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ထက် ပိုမိုများပြားလာတယ်လို့ အထက်တန်းပြ ကျောင်းဆရာမတစ်ဦးကပြောပါတယ်။  

“ဖွင့်တယ် ကျောင်းသားကို ပလပုံကြီးမောင်။ နှစ်ထောင် နီးပါးလောက်ရှိတယ် ကျောင်းသားတွေ။ အဖြူအစိမ်းနဲ့တက်တာ ဒီနေ့မှာ။ မြို့နားနီးတဲ့ကျောင်းတွေ ဖွင့်တယ်။” လို့ အထက်တန်းပြ ကျောင်းဆရာမတစ်ဦးက ပြောပြပါတယ်။ 

၂၀၂၃-၂၀၂၄ ခုနှစ် ပညာသင်နှစ်မှာ တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ကျောင်းအပ်နှံထားသူ ခြောက်သန်းခွဲရှိကြောင်း ပညာရေးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *