မေ ၄ ၊ မဲဆောက်
မြန်မာနိုင်ငံအဝန်းမြို့နယ် ၂၅၀ ကျော်မှာ PDF တပ်ရင်းနှင့် စစ်ကြောင်း ၃၀၀ ကျော်ရှိကြောင်း NUG ရဲ့ မေလ ၃ ရက်နေ့ NUG ဖွဲ့စည်းခြင်း (၂)နှစ်ပြည့် သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။
“ တစ်နိုင်ငံလုံးမှာ NUG အနေနဲ့ PDF တပ်ရင်းနဲ့ စစ်ကြောင်း သုံးရာကျော် ထူထောင်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ပကဖ မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို မြို့နယ် ၂၅၀ ကျော်မှာ စနစ်တကျဖွဲ့စည်းထားပြီးဖြစ်ပါတယ်။ Man Power အရပြောမယ်ဆိုရင် ရန်သူထက် သာလွန်တဲ့ အင်အားဖြစ်ဖို့အတွက် ကျွန်တော်တို့ နှစ်နှစ်အတွင်းတည်ဆောက်နိုင်ခဲ့ပါတယ်”လို့ NUG ပြောခွင့်ရသူ ဦးနေဘုန်းလတ်က ဆိုပါတယ်။
စစ်မဟာဗျူဟာအရလည်း ခံစစ်ကနေ တန်ပြန်ထိုးစစ်အကြိုကာလကို ရောက်ရှိနေပြီး နောက်ဆုံးအဆင့်ဖြစ်တဲ့ တန်ပြန်ထိုးစစ်ကာလအတွက် စစ်လက်နက်ပစ္စည်းရှာဖွေတပ်ဆင်မှု အားစိုက်လုပ်နေတယ်လို့လည်း NUG (၂) နှစ်ပြည့် အစီရင်ခံစာမှာ ပြောဆိုထားပါတယ်။
(၂ ) နှစ်အတွင်းမှာ စစ်ကောင်စီတပ်သားစုစုပေါင်း (၃) သောင်းဝန်းကျင် သေဆုံးခဲ့ပြီး တစ်သောင်းဝန်းကျင် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။
အခု ၂၀၂၃ ခုနှစ်ကို တော်လှန်ရေးအဆုံးသတ်နှစ်အဖြစ် NUG ကသတ်မှတ်ထားကြောင်း NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ထုတ်ဖော်ပြောဆိုထားပါတယ်။
မြန်မာနိုင်ငံအတွင်းမှာ ၂ နှစ်အတွင်း တိုက်ပွဲများကြောင့် စစ်ဘေးတိမ်းရှောင်ထွက်ပြေးနေရသူ တစ်သန်းခွဲကျော်ရှိပြီး စစ်ကိုင်းတိုင်းဒေသကြီးက လူဦးရေအများဆုံးဖြစ်ကြောင်း ကုလသမဂ္ဂရဲ့ အစီရင်ခံစာအရ သိရပါတယ်။