ဇူလိုင် ၂၆ ၊ စစ်ကိုင်း
၂၀၂၁ ခုနှစ်ကနေ ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့အထိ တစ်နှစ်ကျော်အတွင်း နေအိမ် ၊ အဆောက်အဦး ၊ဘာသာရေးဆိုင်ရာ အဆောက်အဦး မီးရှို့ဖျက်ဆီးခံရမှု နှစ်သောင်းရှစ်ထောင်ကျော်ရှိနေပြီလို့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးအင်စတီကျူ့ ISP က ဇူလိုင်လ ၂၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
မီးရှို့ခံရတဲ့ တိုင်းနဲ့ ပြည်နယ်တွေထဲမှာ စစ်ကိုင်းတိုင်းဟာ အများဆုံးဒေသတစ်ခုလည်းဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းထဲမှာ နေအိမ် နဲ့ ဘာသာရေးအဆောက်အဦး နှစ်သောင်းကျော် မီးရှို့ခံထားရပြီး တစ်နိုင်ငံလုံး စုစုပေါင်းရဲ့ ၇၂ ရာခိုင်နှုန်းကျော်ရှိနေတာ လည်းဖြစ်ပါတယ်။
အဲ့ဒီထဲမှာမှ ရွှေဘိုမြို့နယ် နဲ့ ပုလဲမြို့နယ်တွေမှာ မီးရှို့ခံရမှုက နေအိမ် ငါးထောင်ကျော်ရှိပြီး စစ်ကိုင်းတိုင်းထဲမှာ အများဆုံး ပမာဏလို့လည်း ဆိုပါတယ်။
တစ်နိုင်ငံလုံးအနေနဲ့ ဒုတိယအများဆုံး မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ ဒေသကတော့ မကွေးတိုင်း ဖြစ်ပြီး နေအိမ်၊ အဆောက်အအုံ ၅,၇၀၅ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခံခဲ့ရကာ စုစုပေါင်းပမာဏရဲ့ ၂၀ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။
မကွေးတိုင်းထဲမှာ နေအိမ်တွေအပြင် လက်လုပ်ရေနံတွင်းပေါင်း ၁၅၀ ထက်မနည်းလည်း မီးရှို့ခံခဲ့ရကြောင်း ပြောဆိုထားပါတယ်။
နေအိမ်မီးရှို့ဖျက်ဆီးခံရမှုတွေက တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေမှုများ ၊ တိုက်ပွဲတွေကြောင့် လက်နက်ကြီးကျရောက်မှုတွေ နဲ့ စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ပွားပဲ ဝင်ရောက်စီးနင်း မီးရှို့မှုတွေလည်း ရှိခဲ့တယ်လို့ ISP က ဆိုပါတယ်။