
ဒီဇင်ဘာ ၂၉ ၊ ရန်ကုန်
မြန်မာ့နိုင်ငံရေးမတည်ငြိမ်မှု ၊စီးပွားရေးကြပ်တည်းမှုတွေနဲ့ ပဋိပက္ခတွေကြောင့် တစ်လကို လူဦးရေ လေးသောင်းခန့်က ပြည်ပထွက်ခွာနေကြတယ်လို့ ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း(IOM)ရဲ့ အစီရင်ခံစာမှာ ပြောဆိုထားပါတယ်။
မြန်မာနိုင်ငံသားတွေရဲ့ ပြည်ပထွက်ခွာမှု ၂၀၂၂ခုနှစ် အောက်တိုဘာလအထိ အခြေအနေကို IOM က ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ အစီရင်ခံစာတစ်စောင်ထုတ်ပြန်ခဲ့တာလည်းဖြစ်ပါတယ်။
နိုင်ငံအတွင်း ဆက်လက်ဖြစ်ပွားနေတဲ့ နိုင်ငံရေး၊ စီးပွားရေး မတည်ငြိမ်မှုတွေကြောင့် လာမယ့် ၂၀၂၃ခုနှစ်မှာ ရွှေ့ပြောင်းနေထိုင်မှုအခြေအနေဟာ ဆက်လက်မြင့်မားလာနိုင်တယ်လို့ အစီရင်ခံစာကဆိုထားပါတယ်။
“ ကြီးလန့်စားစားနေနေရတာထက်စာရင် ပြီးတော့ ဒီမှာက အခွင့်အလမ်းပိုများတာပေါ့ ပိုက်ဆံပိုရှာနိုင်တယ်ဗျာ မျက်စိပိုပွင့်သွားတာပေါ့ ကျွန်တော့်အတွက်ဆို ကျွန်တော် လှမ်းချင်တဲ့လမ်းအတွက် ပိုဖြစ်နိုင်လာတယ်လို့ ပိုမြင်လာမိတယ်” လို့ အာဏာသိမ်းပြီးနောက် စင်ကာပူနိုင်ငံမှာသွားရောက် အလုပ်လုပ်ကိုင်နေတဲ့ ရှမ်းနီလူငယ်တစ်ဦးကဆိုပါတယ်။
မြန်မာနိုင်ငံသားတွေဟာ အိမ်နီးချင်း ထိုင်းနိုင်ငံကိုလည်း နေ့စဉ်နှင့်အမျှ တရားဝင်ရော တရားမဝင်လမ်းကြောင်းတွေနဲ့ပါထွက်ခွာနေသလို တခြား အာရှနဲ့ အရှေ့အလည်ပိုင်းနိုင်ငံတွေကိုထွက်ခွာနေကြတယ်လို့ စုံစမ်းသိရှိရပါတယ်။
ဒီလိုထွက်ခွာမှုတွေမြင့်တက်မှုတွေကြောင့် လူကုန်ကူးမှု၊ အမြတ်ထုတ်မှုနဲ့ အလွဲသုံးစားပြုလုပ်ကာ လူသစ်စုဆောင်းမှုများ အလွန်မြင့်မားလာတယ်လို့ အစီရင်ခံစာက ဖော်ပြထားပါတယ်။