တစ်လအတွင်းအမိုနီယမ်နိုက်ထရိတ်၆၃တန်နီးပါးဟိုပင်မြို့မှာဖမ်းဆီးရမိခဲ့

ဧပြီ ၂ ၊ မိုးညှင်း

  မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့ ၊ ကြာကြီးကွင်းကျေးရွာအနီးမှာ ပြီးခဲ့တဲံ မတ်လတစ်လအတွင်းမှာ   အမိုနီယမ်နိုက်ထရိတ်  ၆၃ တန်နီးပါးကို ဖမ်းဆီးရမိခဲ့တယ်လို့ တရားမဝင်ဖမ်းဆီးရမိမှုများကို ဖော်ပြနေတဲ့ CCDAC Myanmar ရဲ့ သတင်းမှတ်တမ်းများအရ သိရပါတယ်။

    ပြီးခဲ့တဲ့ မတ်လ (၁၆)ရက်နေ့မှာ  ကြာကြီးကွင်းကျေးရွာအနီးမှာ အမိုနီယမ်နိုက်ထရိတ် (၂၆)တန်ကျော်ကို ဦးစွာတွေ့ရှိဖမ်းဆီးရမိခဲ့ပြီး အေ့ဒီကျေးရွာအနီးမှာပဲ မတ်လ(၂၉)ရက်နေ့မှာတော့  အမိုနီယမ်နိုက်ထရိတ်(၃၆.၈၂)တန်ကို ထပ်မံစစ်ဆေးဖမ်းဆီးရမိခဲ့တာလည်း ဖြစ်ပါတယ်။ 

   နောက်ထပ်ဖမ်းဆီးရမိထားတဲ့  အမိုနီယမ်နိုက်ထရိတ်တွေကို နန့်ရင်းကျေးရွာတောလမ်းအတိုင်း မောင်းနှင်လာသော YANG FOND (၆)ဘီးကား (၃)စီး ၊ မော်တော်ဆိုင်ကယ်(၃)စီးတို့ဖြင့် ခွဲဝေတင်ဆောင်ခဲ့ကြတာလို့ ဖော်ပြထားပါတယ်။

   တရားမဝင်သယ်ဆောင်လာသူများဖြစ်တဲ့ ဝင်းဇော်၊ထက်ဝေမိုး၊ဇော်လင်းထွန်း၊ညီလင်းအောင်၊ဝေယံမြင့်၊ငြိမ်းချမ်း၊နန်အောင်၊သန့်ဇင်ဦးနှင့်သောင်းဟန်ငြိမ်းတို့ (၉)ဦးကိုလည်း  ဖမ်းဆီးအရေးယူထားကြောင်း  ဆိုထားပါတယ်။ 

ဖမ်းဆီးရမိခဲ့တဲ့ ကား ငါးစီးလုံးဟာ လိုင်စင်မဲ့ကားတွေဖြစ်ပြီး အမိုနီယမ်နိုက်ထရိတ်တွေကို  ဘယ်ကနေ သယ်ဆောင်ခဲ့တယ်ဆိုတာ မသိရပေမယ့် ဖားကန့်မြို့ကို သယ်ဆောင်သွားမယ့် ယာဉ်တွေဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။ 

အခုဖမ်းဆီးရမိတဲ့ အမိုနီယမ်နိုက်ထရိတ်တွေဟာ မိုးညှင်းမြို့နယ်အတွင်း သုံးနှစ်တာကာလမှ အများဆုံးသော ပမာဏလည်းဖြစ်ပါတယ်။ 

ထိန်းချုပ်ဓာတုပစ္စည်းတစ်မျိုးဖြစ်တဲ့ အမိုနီယမ်နိုက်ထရိတ်တွေကို ခွင့်ပြုချက်များနဲ့သာ သယ်ယူခွင့်ပြုထားပြီး ယခုလို တရားမဝင်သယ်ဆောင်လာပါက ထောင်ဒဏ်(၁)နှစ်ကနေ (၃)နှစ်အထိ ချမှတ်နိုင်တယ်လို့  သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *