မြန်မာ-တရုတ် နယ်စပ်မှ နိုင်ငံကူးလက်မှတ် Passport ဖြင့် ဝင်ထွက်သွားလာခွင့်ကို အောက်တိုဘာလ (၁) ရက်နေ့မှာ စတင်မယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ကြေညာပါတယ်။
နိုင်ငံကူးလက်မှတ် Passport ဖြင့် နယ်စပ်ဒေသကမှ ဝင်ထွက်သွားလာခွင့်ကို စမ်းသပ်အစီအစဉ်အနေနဲ့ ရွှေလီ-မူဆယ်၊ အထူးသတ်မှတ်ထားသော ဝင်/ထွက် ဂိတ်တွေကနေ စတင်မှာဖြစ်တယ်လို့ ထုတ်ပြန်ထားတာလည်းဖြစ်ပါတယ်။
အခုလိုဖြတ်သန်းရာမှာလည်း သက်ဆိုင်ရာသံရုံးတွေမှာ Visa ဗီဇာလျှောက်ထားရမှာဖြစ်ပြီး လတ်တလောအနေနဲ့ လုပ်ငန်းဗီဇာ (Business Visa)ကိုင်ဆောင်ထားသူတွေကို ဦးစွာခွင့်ပြုပေးမယ်လို့ ပြောဆိုထားပါတယ်။
စစ်ကောင်စီကလည်း အောက်တိုဘာလ (၁) ရက်နေ့ နယ်စပ်ဒေသကနေ လာရောက်မယ့် နိုင်ငံခြားသားတွေအတွက် ကြီးကြပ်စောင့်ကြည့်ရေးလုပ်ငန်း အစည်းအဝေးတစ်ခုကိုလည်း ဌာနဆိုင်ရာတွေနဲ့ ဟော်တယ်၊ တည်းခိုခန်းပိုင်ရှင်တွေက စက်တင်ဘာလ ၂၈ ရက်နေ့က ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။
မြန်မာနိုင်ငံနယ်စပ် မူဆယ်မြို့ကနေ တရုတ်နိုင်ငံ ရွှေလီမြို့ကို နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် Border Pass (BP) နှင့် ယာယီ နယ်စပ်ဖြတ်သန်းခွင့် Tempory Brder Pass (TBP) တို့နဲ့ နေ့စဉ်မြန်မာဘက်ကနေ လူ (၇၀၀) ဖြတ်ကျော်သွားရောက်နေတာလည်းဖြစ်ပါတယ်။
နှစ်နိုင်ငံ နယ်စပ်ကနေ နိုင်ငံကူးလက်မှတ်တွေနဲ့ ဝင်ထွက်သွားလာခွင့် သဘောတူညီမှုကို စစ်ကောင်စီဘက်က ကြေညာခဲ့တာဖြစ်ပြီး ရက်ပိုင်းအကြာမှာပဲ ဖြတ်သန်းသွားလာနိုင်မယ့်ရက်ကို ထုတ်ပြန်ခဲ့တာလည်းဖြစ်ပါတယ်။
တရုတ်နိုင်ငံဘက်က တချိန်တည်းမှာပဲ မြန်မာနိုင်ငံနယ်စပ်အနီးမှာ အွန်လိုင်းလိမ်လည်မှုရာဇ၀တ်ဂိုဏ်းများ၏ လူကုန်ကူးမှုကို ရပ်တန့်နိုင်ဖို့ မြန်မာနယ်စပ်အနီးတွင် ‘ကန့်သတ်ဇုန်’ ထူထောင်မယ်လို့ မနေ့က ကြေညာထားတာလည်းဖြစ်ပါတယ်။