
ဧပြီ ၇၊ နေပြည်တော်
စစ်ကော်မရှင် ခေါင်းဆောင်ကို ပြည်ထောင်စုလွှတ်တော်က သမ္မတအဖြစ်ရွေးချယ်တင်မြှောက်ခဲ့ပြီးနောက် သမ္မတ တာဝန်မယူခင်နဲ့ အစိုးရအဖွဲ့မဖွဲ့ခင် ရက်ပိုင်းအလိုမှာ တရုတ်သံအမတ် လာရောက်တွေ့ဆုံခဲ့တယ်လို့ မြန်မာ့အလင်းသတင်းစာက ဖော်ပြပါတယ်။
မနေ့က ဧပြီ ၆ ရက်နေ့၊ နေပြည်တော်ရှိ အမျိုးသားကာကွယ်ရေး နဲ့ လုံခြုံရေးကောင်စီ ဥက္ကဋ္ဌရုံး ဧည့်ခန်းမှာ တွေ့ဆုံဆွေးနွေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
တရုတ်-မြန်မာ နယ်စပ် နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်ရေး နဲ့ ကုန်သွယ်ရေးလမ်းကြောင်းတွေ ပြန်ဖွင့်နိုင်ရေးကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
စစ်ကော်မရှင်ခေါင်းဆောင်နဲ့ တရုတ်သံအမတ် မစ္စမာကျားအပြင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ တက်ရောက်ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက တာဝန်ရှိသူတွေလည်းပါဝင် တက်ရောက်ခဲ့တာဖြစ်ပါတယ်။
သံအမတ်မစ္စမာကျားက တွေ့ဆုံချိန်မှာ တရုတ်သမ္မတရှီကျင့်ဖျင်ရဲ့သဝဏ်လွှာကိုလည်း စစ်ခေါင်းဆောင်ထံ လက်ရောက်ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
တရုတ်-မြန်မာ ကုန်သွယ်ရေးအဓိကလမ်းကြောင်းဖြစ်တဲ့ မူဆယ်-လားရှိူး-မန္တလေးလမ်းပိုင်းမှာလည်း မကြာခင်ဖွင့်လှစ်သွားဖို့ရှိတယ်လို့ ကုန်သည်တွေဆီကနေသိရပါတယ်။
လက်ရှိမှာ မူဆယ်မှ လားရှိူးမြို့အထိ လမ်းပိုင်းတွေကို ကိုးကန့်တပ် MNDAA က ထိန်းချုပ်ထားပြီး လမ်းပိုင်းပြန်ဖွင့်လှစ်ရေးလုပ်ဆောင်နေတယ်လို့သိရပါတယ်။
စစ်ကော်မရှင်ကတော့ ကုန်သွယ်ရေးလမ်းပိုင်းက သီပေါမြို့အဝင် တံတားကို ပိတ်ထားဆဲဖြစ်တာကြောင့် ကုန်တင်ယာဉ်ကြီးတွေ သွားလာဖို့အခက်အခဲရှိနေဆဲလည်းဖြစ်ပါတယ်။
နေပြည်တော်ကို ရောက်ခဲ့တဲ့ မစ္စမာကျားဟာ အယောက် ၂၀ မြောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ဖြစ်တယ်လို့သိရပြီး ၂၀၂၄ ခုနှစ် ဩဂုတ် ၁၂ ရက်နေ့မှာ သံအမတ်ဟောင်း မစ္စတာချန်းဟိုင်နေရာမှာ အစားထိုးတာဝန်လွှဲပြောင်းခဲ့တာလည်းဖြစ်ပါတယ်။
