ဇွန် ၂၀ ၊ မိုးမောက်
မိုးမောက်မြို့နယ်အတွင်းက တာပိန်မြစ်ကြောင်းတစ်လျှောက်က လယ်ကွင်းအားလုံးမှာ မြစ်ရေလွှမ်းမိုးနေတာကြောင့် စိုက်ပျိုးရေးမစနိုင်သေးဘူးလို့ ဒေသခံတွေဆီကနေသိရပါတယ်။
ဇွန်လ ၂၇ ရက်နေ့ကစပြီး မြစ်ရေ တတိယအကြိမ် ရေကြီးရေလျှံဖြစ်လာတာကြောင့် လယ်ကွင်းအားလုံးနီးပါး နစ်မြှုပ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။
“ ဒီနှစ်ကနေကပူတဲ့နေ့ကိုမရှိဘူးမိုးကနေ့တိုင်းနေ့တိုင်းရွာနေတယ်။အဲ့နေ့ကမိုးတအားသည်းတာနဲ့ရေအခံရှိတာနဲ့ရေကလွှမ်းလိုက်ရော။လယ်တွေကတော့အားလုံးမြှုပ်ပါ့အခုဟာကတောင်သူတွေကလယ်ဆင်းဖို့ဆိုပြီးတော့မှမဆင်းရတော့ဘူးရေကကြီးနေတာ။ကျွန်တော်တို့မန်နောင်ကွင်းရောငြိမ်းချမ်းကွင်းရောဒီနယ်တဝိုက်အကုန်လွှမ်းတာပဲ” လို့တောင်သူကိုအောင်ဝေထွန်းကပြောပြပါတယ်။
မန်နောင် ၊ မင်းဂျမ်း ၊ခုံဆင့်၊စီဟက် ၊ကုန်းနှော စတဲ့ကျေးရွာက လယ်ကွင်းတွေမှာ ရေလွှမ်းနေတာဖြစ်တယ်လို့သိရပါတယ်။
ရေလွှမ်းမိုးမှုက မိုးကြိုမိုးဦးကာလမှ သုံးကြိမ်တိုင် လွှမ်းမိုးခံထားရတာကြောင့် ပဲပုတ်တွေ အရှုံးပေါ်ခဲ့သလို စပါးစိုက်ပျိုးရေးအတွက် ထွန်ယက်မှုတွေတောင် မပြုလုပ်ရသေးဘူးလို့ ဆိုပါတယ်။
“ အခုကဘာမှမလုပ်နိုင်သေးဘူး။ရေပဲကြည့်ပြီးတော့မှနေနေရတာ၊ ခါတိုင်းနှစ်ဆိုရင်ဒီအချိန်ကငါးဆယ်ရာခိုင်နှုန်းကပြီးနေရပြီအခုကဘာမှမလုပ်ရသေးဘူးစတောင်မစရသေးဘူးလယ်ကမထယ်ရသေးဘူးအဲ့လိုဖြစ်နေတာ” လို့သူကဆိုပါတယ်။
တာပိန်မြစ်အထက်ပိုင်းမှာ တာပိန်ရေအားလျှပ်စစ်ရှိပြီး မိုးများရင် ဆည်ခံနိုင်ဝန်မရှိတာကြောင့် ရေလွှတ်ချမှုတွေရှိတာလည်းဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ရက်ပိုင်းက ရေအားလျှပ်စစ်ကနေ ရေလွှတ်ချမယ်လို့ ကြေညာပြီး ရေလွှတ်ချမှုကြောင့် ရေလွှမ်းပြီး ပြန်ကျမှုတွေက နှေးကွေးနေတာဖြစ်တယ်လို့ သိရပါတယ်။
စိုက်ပျိုးချိန်နောက်ကျရင် စပါးအထွက်နှုန်းလျှော့နည်းမှာကို စိုးရိမ်တဲ့အပြင် လာမယ့်မိုးလယ်နဲ့ မိုးနှောင်းကာလတွေမှာ ရေပြန်လွှမ်းနိုင်တာတွေကိုလည်း စိတ်ပူပန်မှုတွေရှိတယ်လို့ တောင်သူတွေဆီကနေ သိရပါတယ်။
မိုးမောက်မြို့နယ်ထဲမှာ နှစ်စဉ်စပါးစိုက်ပျိုးတဲ့ လယ်ဧကပေါင်း ၄ သောင်းကျော်ရှိပြီး ရေနစ်မြှုပ်မှုတွေလည်းနှစ်စဉ်နီးပါးဖြစ်ပေါ်နေတာဖြစ်ပါတယ်။