တာပိန်မြစ်ရေလွှမ်းမိုးမှုကြောင့်ပဲပုတ်စိုက်ခင်းဧကထောင်နှင့်ချီပျက်စီးဆုံးရှုံး

ဇွန်၂၂မန်နောင်

မိုးမောက်မြို့နယ် တာပိန်မြစ်ဝှမ်းမှာ စိုက်ပျိုးထားတဲ့ ပဲပုတ် ဧကထောင်နှင့်ချီက မြစ်ရေနှစ်ပတ်ကျော်ကြာ လွမ်းမိုးမှုကြောင့် ပျက်စီးဆုံးရှုံးမှုတွေဖြစ်ပေါ်ခဲ့တယ်လို့ မန််နောင်ကျေးရွာ တောင်သူတွေဆီက နေသိရပါတယ်။ 

“ အခြေအနေကရာသီဥတုကြောင့်ပါ့ ရေလွှမ်းတာလေ ၊ ရေလွှမ်းပြီးတော့မှ တောင်သူတွေအကုန်ရှုံးတာလေ၊ ရေက တစ်ခါလွှမ်းရင် ရက်ပေါင်းနှစ်ဆယ်လောက်ရှိတယ်။ မိုးလည်းရွာတယ်။ မိုးကတအားများတော့ ရေလွှမ်းတာလေ သီးနှံအကုန်လုံးပဲ ရေလွှမ်းလိုက်တာ” လို့ မန်နောင်ရွာက တောင်သူတစ်ဦး ပြောပြပါတယ်။ 

ပဲပုတ်ထွက်လာတဲ့အခါမှာ တာပိန်မြစ် ရေကြီးရေလျှံဖြစ်လာပြီး ရေလွှမ်းချိန် ရက်ပေါင်း ၂၀ ကျော်ဖြစ်တာကြောင့် ပျက်စီးခဲ့တာဖြစ်ပြီး တောင်သူအားလုံးအရှုံးပေါ်တာလို့ဆိုပါတယ်။ 

ဒီနှစ်ပဲပုတ်စျေးကွက်မှာ စျေးကောင်းပေးဝယ်ကြပေမယ့်လည်း ပဲပုတ်စိုက်ခင်းပျက်စီးမှုနဲ့ ကြုံရတာလို့ဆိုပါတယ်။ 

ဒီလိုပျက်စီးမှုတွေကြောင့် တောင်သူတစ်ဦးကိုအနည်းဆုံး  ပျှမ်းမျှ ကျပ်သိန်း ၅၀  ဝန်းကျင်ခန့် ဆုံးရှုံးကြတာလို့သိရပါတယ်။ 

တောင်သူတွေအတွက် ဒီလိုပျက်စီးမှုတွေရှိနေပေမယ့်လည်း သက်ဆိုင်ရာတွေက ကူညီထောက်ပံ့တာ ၊ မေးမြန်းတာတွေ မရှိဘူးလို့လည်းသိရပါတယ်။ 

အခုတော့ ပျက်စီးသွားတဲ့ ပဲပုတ်စိုက်ခင်းထဲက ရနိုင်တဲ့ ပဲပုတ်တွေကိုယူပြီး မိုးစပါးစိုက်ဖို့အတွက် ထွန်ယက်နေပြီလို့လည်းသိရပါတယ်။ 

“ အခုဟာက ပဲပုတ်တွေကို ပစ်တဲ့ဟာပစ်၊  ရတဲ့ဟာယူပြီးတော့မှ အခုဟာက မိုးစပါးပြန်စိုက်မယ်လေအဲ့တာ ၊ အခုက မိုးစပါးစိုက်ဖို့ပြင်ဆင်နေတုန်းပါ့” လို့ သူကဆက်ပြောပါတယ်။ 

တာပိန်မြစ်ဖျားခံတဲ့ဒေသတွေမှာ မိုးများရင် ရေကြီးရေလျှံမှုတွေကဖြစ်ပွားပြီး မိုးရာသီတစ်ခုတည်းမှာပဲ နှစ်ကြိမ် သုံးကြိမ်ဖြစ်ပေါ်တတ်တာလည်းဖြစ်ပါတယ်။ 

ဒီလို ဖြစ်တဲ့အခါတိုင်း တောင်သူတွေရဲ့ စိုက်ပျိုးထားတဲ့ မိုးစပါးတွေက အနည်းနဲ့အများပျက်စီးမှုတွေက ဖြစ်ပေါ်နေတာလည်းဖြစ်ပါတယ်။ 

ဒီနှစ်မှာလည်း ဒီလိုပျက်စီးမှုတွေဒဏ်ကို ပိုခံနိုင်အောင် စပါးကိုပျိုးပင်နဲ့  ကောက်စိုက်တဲ့ နည်းကို ပြန်အသုံးပြုပြီး ရေကြီးဒဏ်ကို ပြန်ခံနိုင်အောင် လုပ်ဆောင်ကြမယ်လို့ဆိုကြပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *