တာလောကြီးတိုက်နယ်ကဒေသခံများစပါးသိမ်းရာသီတွင်စစ်ရှောင်နေရတာကြောင့်အခက်အခဲများဖြစ်လာ

တာလောကြီးကျေးရွာအဝင် ဆိုင်းဘုတ်ကိုတွေ့ရစဉ် Photo/Credit

ဒီဇင်ဘာ ၂၀ ၊ တာလောကြီး

မြစ်ကြီးနားမြို့နယ်၊ တာလောကြီးတိုက်နယ်က ဒေသခံတွေဟာ စပါးသိမ်းရာသီမှာ စစ်ဘေးတိမ်းရှောင်နေကြရတာကြောင့် အခက်အခဲများရှိလာနေကြတယ်လို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။ 

တာလောကြီးတိုက်နယ် ဒေသခံတွေက  ဝိုင်းမော်မြို့ပေါ်နဲ့  ခတ်ချိုကျေးရွာတွေမှာ စစ်ဘေးရှောင်လာကြတာဖြစ်ပြီး  (၅)ရက်ခန့် ရှိလာနေပြီလည်း ဖြစ်ပါတယ်။ 

 “စပါးပုံနေတဲ့အချိန်ကြီး ခုချိန်ကစပါးတကယ်သိမ်းနေတဲ့အချိန်ကြီးပေါ့ စပါးပုံနေတဲ့နေ့မှာကိုမှ လယ်ထဲရောက်တဲ့အချိန်မှာပဲ လေယာဉ်ပျံနဲ့ဟိုဘက်ကအဖွဲ့တွေနဲ့ ပစ်တာတွေ့နေလို့ နီးနီးလေးဖြစ်နေလို့ သူတို့ပြေးလာခဲ့ကြတယ်” လို့ ကူညီကယ်ဆယ်ပေးနေသူ ဝိုင်းမော်မြို့သားတစ်ဦးက ပြောပြပါတယ်။

 အခုလို ထွက်ပြေးတိမ်းရှောင်လာကြရတာတွေကြောင့် လယ်ယာ၊ ကျွဲ၊နွား၊ဝက် တိရစ္ဆာန်များကို  ပစ်ထားခဲ့ကြရပြီး ခိုးယူပျောက်ဆုံးမှုတွေလည်း ရှိနေတယ်လို့ ဆိုကြပါတယ်။ 

တိမ်းရှောင်လာကြသူအများစုက တာလောကြီးတိုက်နယ်တွင်းရှိ ရွှေညောင်ပင်ကျေးရွာမှ ဒေသခံများအများဆုံးဖြစ်ပြီး ၎င်းကျေးရွာအနီးအနားရှိ ငှက်ပျောစိိုက်ပျိုးလုပ်ကိုင်သူ အလုပ်သမားများလည်း ပါရှိတယ်လို့ သိရပါတယ်။

ဝိုင်းမော်မြို့ပေါ်ရှိ  သာဂရသရက်တောဘုန်းကြီးကျောင်း၊ အောင်ချမ်းသာဘုန်းကြီးကျောင်း၊ ခတ်ချိုမာန်အောင်ကျောင်း၊ အင်းလေးကျောင်း စတဲ့နေရာတွေအပြင် ရပ်ဆွေရပ်မျိုးအိမ်အသီးသီးမှာ နေထိုင်ခိုလှုံနေသူများလည်း ရှိနေတယ်လို့ဆိုပါတယ်။ 

“ဟုတ်တယ်ဖြစ်နေတုန်းပဲ မနေ့ကဆို ရွှေညောင်ပင်ရွာရဲ့အပြင်မှာ ဖြစ်နေတုန်းပဲပေါ့နော် အေ့ကြောင့်မို့ မနေ့ကထပ်ပြီး ပြေးလာခဲ့တဲ့သူတွေ နောက်ထပ်တစ်သုတ်တောင်ရှိတယ်”    စစ်ဘေးရှောင်ကူညီပေးနေသူ တစ်ဦးကပြောပါတယ်။ 

ဝိုင်းမော်မြို့ပေါ်တွင် (၅)ရက်အတွင်း တာလောကြီးတိုက်နယ်အတွင်းကနေ  စစ်ဘေးတိမ်းရှောင်လာသူ ဒေသခံ ၄၀၀ နီးပါးရှိလာနေပြီး ခတ်ချိုကျေးရွာတွင်လည်း ရာချီရှိနေပြီဖြစ်သည်ဟု သိရပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *