ဒီဇင်ဘာ ၁၅ ၊ တာလောကြီး
မြစ်ကြီးနားမြို့နယ် တာလောကြီးတိုက်နယ်အတွင်းမှာ ဒီနေ့ ဒီဇင်ဘာလ ၁၅ ရက်နေ့မနက်ပိုင်းကစ လီဆူပြည်သူ့စစ် နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တိုက်ပွဲများအကြားမှာ တိုက်ပွဲပြင်းထန်နေပြီး ဒေသခံများပိတ်မိနေကြတယ်လို့ ဒေသခံတွေကပြောဆိုပါတယ်။
“ စစ်ကဖြစ်တယ် သူတို့တွေဝင်လာခဲ့တယ် မိုးလင်းခဲ့တော့ သူတို့တွေ ဝင်လာတော့တာပါ့လို့ ပြောတာပါ့ ။ သူတို့တွေ ဝင်လာတော့ ပြေးတဲ့သူတွေ ရှောင်တဲ့သူတွေလဲ ကြောက်တော့ ရှောင်လိုက်ကြတာပါ့ ။ ငါတို့ကတော့ အိမ်မှာပဲနေတော့ အိမ်ပိတ်ပြီးတော့ နေလိုက်တာ ပိတ်မိနေလိုက်သလိုမျိုးပါ့” လို့ တာလောကြီးဒေသခံ ရှမ်းနီပြည်သူတစ်ယောက်က ပြောပြပါတယ်။
တာလောကြီးကျေးရွာကို KIA+PDF တပ်တွေ ဝင်ရောက်စီးနင်းကာ လီဆူပြည်သူ့စစ်တွေနှင့် တိုက်ပွဲဖြစ်ပွားပြီး မြစ်ကြီးနားရှိ စစ်ကောင်စီရဲ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှာလည်း လက်နက်ကြီးတွေနဲ့ တာလောကြီးကျေးရွာဘက်ကို ပစ်ခတ်နေတယ်လို့ လဲ သိရပါတယ်။
“ မသိရသေးဘူး ကျနော်လဲ ဘယ်လိုအခြေနေလဲဆိုတာကို ဆက်သွယ်နေဆဲ၊ တိတိကျကျတော့ မသိသေးဘူး PDF တွေ သိမ်းထားလိုက်ပြီလို့တော့ သိလိုက်တယ်၊ မေးကြည့်နေတုန်း အဆက်သွယ်တွေလဲ ပြတ်နေတယ်” လို့ မြစ်ကြီးနားဒေသံ တစ်ဦးက ပြောပြပါတယ်။
ရှမ်းနီအမျိုးသားများစည်းလုံးညီညွတ်ရေးအစည်းရုံး SNUA ကတော့ KIA တွေက စီးနှင်းတိုက်ခိုက်ရာမှာ ရှမ်းနီပြည်သူလူထုကို စစ်ဘေးရှောင်ခွင့်မပေးဘဲ လူသားတံတိုင်းပြုအကာကွယ်ယူပြီး တိုက်ခိုက်နေတယ်လို့ ဒီနေ့ နေ့လည်ပိုင်းမှာထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်နှင့် KIA/KIO တပ်တို့ဟာ ရှမ်းနီပြည်သူများအပေါ် အပြည်ပြည်ဆိုင်ရာလူ့အခွင့်ရေးဥပဒေ IHRL ကို လေးစားလိုက်နာဖို့ SNUA က သတိပေးထုတ်ပြန်ထားပါတယ်။
တာလောကြီးတိုက်နယ်ဟာ ဧရာဝတီမြစ်ရိုးဒေသမှာ အဓိကကျတဲ့နေရာတစ်ခုဖြစ်ပြီး အိမ်ခြေပေါင်း ၃၀၀၀ ကျော် လူဦးရေ သုံးသောင်းဝန်းကျင် နေထိုင်ကြောင်းသိရပါတယ်။