သစ်ရှူးငှက်ပျောတင်ဆောင်တဲ့ ၁၂ ဘီးကစ ၂၄ ဘီးကားတွေ နေ့စဉ်နဲ့အမျှ ဖြတ်သန်းနေတဲ့ မြစ်ကြီးနား တာလောကြီးလမ်းဖြစ်တဲ့ ရွှေညောင်ပင်-တာလောကြီးလမ်းပိုင်းက ဆိုးဆိုးရွားရွားပျက်ဆီးနေတယ်လို့ ဒေသခံတွေက ရှမ်းနီအသံကို ပြောဆိုပါတယ်။
“ တာလောကြီးကတော်တော်လေးဆိုးဝါးနေတာလေအခုကမိုးကရွာလိုက်တော့ချိုင့်တွေခွက်တွေဖြစ်သွားတာပေါ့ပိုပြီးတော့မှဗွက်ထူပြီးတော့မှသွားရလာရခက်နေတာပေါ့၊ကျောက်ခင်းလမ်းပေါ့၊အခုကကားကြီးတွေသွားတဲ့အခါကျတော့ဒီ၂၄ဘီးတွေဟိုဒီငှက်ပျောဆိုဒ်တွေကရှိသေးတာကိုး ကားအကြီးကြီးတွေကသွားတဲ့အခါကျတော့ကျွံကျွံပြီးတော့မှမိုးရွာတော့ပိုပြီးတော့နစ်သွားတာပေါ့” လို့တာလောကြီးရပ်မိရပ်ဖတစ်ဦးဖြစ်တဲ့ဦးတင်မြင့်ကဆိုပါတယ်။
ရွှေညောင်ပင်-တာလောကြီးက (၁၆) မိုင်ရှိပြီး အနည်းဆုံး ၁၂ မိုင်ခန့်မှာ ဆိုးဆိုးရွားရွားပျက်စီးနေတာဖြစ်တယ်လို့ ဒေသခံတွေခရီးသွားလာမှုနှောင့်နှေးမှုတွေနဲ့ကြုံရတယ်လို့ ဆိုပါတယ်။
ဒီလမ်းပိုင်းက ကျောက်ခင်းလမ်းဖြစ်ပေမယ့်လည်း ကားကြီးသွားလာမှုတွေက နေ့စဉ်နဲ့အမျှရှိနေလို့ ပျက်စီးတာလို့ ဒေသခံတွေကဆိုကြပါတယ်။
လက်ရှိမှာ တာလောကြီးအနီးနားမှာ သစ်ရှူးငှက်ပျောတွေစိုက်ခင်းတွေကလျော့ကျသွားပေမယ့် ရွှေညောင်ပင်နဲ့တာလောကြီးကြားမှာတော့ မူလအတိုင်းအနည်းငယ်သာ လျော့ကျနေတာကြောင့် သယ်ယူပို့ဆောင်ရေးကားဖြတ်သန်းသွားလာမှုတွေက များနေဆဲဖြစ်တယ်လို့ သိရပါတယ်။
ဒီလိုလမ်းပျက်စီးနေတာကြောင့် ဇွန်လ ၁၃ ရက်နေ့မှာ အဲ့ဒီလမ်းပိုင်းမောင်းကြတဲ့ ကားသမားတွေ ကားရပ်နားက ငွေနဲ့ လူအင်အားစုပြီး ကိုယ်ထူကိုယ်ထပြုပြင်ခဲ့ကြတယ်လို့ လိုင်းကားမောင်းနေသူကိုမောင်အောင်က ဆိုပါတယ်။
“ ကျွန်တော်တို့ လမ်းကတော့ တောင်းချင်တယ်။ ဒါပေမယ့် တောင်းရင်လည်း သူတို့က လာလုပ်ပေးမှာမဟုတ်ဘူး ကားသမားတွေလည်း ကျွန်တော်တို့ ပြန်တိုင်ပင်နေကြတာ အေးနောက်တစ်ခေါက်ဒီထက်ဆိုးလာရင်လည်းမတတ်နိုင်ဘူး ငါတို့လည်း ပြန်ဝိုင်းပြီးမှ ထည့်ကြမှာပေါ့လို့ ကျွန်တော်တို့ စုကြေးနဲ့ပဲ တဖြည်းဖြည်းလမ်းခင်းနေကြတယ် ကျွန်တော်တို့” လို့ သူကဆိုပါတယ်။
တာလောကြီး-ရွှေညောင်ပင် လမ်းပိုင်းက ကို သမ္မတဦးသိန်းစိန်လက်ထက်က ကျပ်သန်း (၃၆၀၀) နဲ့ ဖောက်လုပ်ခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ ဖွင့်လှစ်ခဲ့တာလည်းဖြစ်ပါတယ်။
ဒေသခံတွေက ဒီလမ်းတွေကို ပြင်ဆင်ဖို့အတွက်တင်ပြမှုတွေရှိပေမယ့်လည်း ဒီနှစ်မှာ ပြင်ဆင်ဖို့ လာရောက်ကြည့်ရှုတာမရှိကြောင်း သိရပါတယ်။