

ဇူလိုင် ၃၊ နေပြည်တော်
စစ်ကောင်စီရဲ့ တိုက်ခိုက်ရေးလေယာဉ်တစ်စီးဟာ ဇူလိုင်လ ၁ ရက်နေ့ညပိုင်းမှာ နေပြည်တော်ကနေ အရှေ့တောင်ဘက်ကို ပျံသန်းစဉ် ရုတ်တရက်ပျောက်ဆုံးသွားခဲ့တာလို့ ထုတ်ပြန်ခဲ့ပါတယ်။
နေပြည်တော်ရဲ့ အရှေ့တောင်ဘက် ကီလိုမိီတာ ၁၃၀ အကွာမှာ ရုတ်တရက် ရေဒါမြင်ကွင်းကနေပျောက်ကွယ်သွားပြီး ဆက်သွယ်ရေး ပြတ်တောက်သွားခဲ့တာဖြစ်တယ်လို့သိရပါတယ်။
ဒီနေ့နေ့လည်ပိုင်းမှာတော့ ပျောက်သွားတဲ့ လေယာဉ်ကို ကရင်နီ(ကယား) ပြည်နယ် ဖားဆောင်းမြို့နယ်အတွင်းမှာ တော်လှန်ရေးအင်အားစုတွေက တွေ့ရှိခဲ့တယ်လို့ ဒေသတွင်း မီဒီယာတွေမှာဖော်ပြပါတယ်။
စစ်ကောင်စီက ဆက်သွယ်မှု ပြတ်တောက်သွားတဲ့ လေယာဉ်ကို ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေကို ရာသီဥတုဆိုးရွားတဲ့ကြားမှာ စေလွှတ်နိုင်ရေး လုပ်ဆောင်နေတယ်လို့ထုတ်ပြန်ထားပါတယ်။
ဖားဆောင်းမြို့နယ်အတွင်းက စစ်ကောင်စီရဲ့ ခလရ ၁၃၄ တပ်ရင်းကို ကရင်နီတော်လှန်ရေးပူးပေါင်းတပ်တွ တိုက်ခိုက်သိမ်းပိုက်ပြီး သုံ့ပန်း (၅၀) ကျော်ဖမ်းဆီးရမိတယ်လို့ သတင်းတွေထွက်ပေါ်နေတာလည်းဖြစ်ပါတယ်။
ပျောက်ဆုံးသွားတဲ့ တိုက်ခိုက်ရေးလေယာဉ်ဟာ ဖောင်းဆောင်းမြို့နယ်အတွင်း တိုက်ပွဲမှာ လေကြောင်းပစ်ကူသွားဖို့ အတွက်ဖြစ်ကြောင်း သုံးသပ်ပြောဆိုမှုတွေလည်းရှိနေတာဖြစ်ပါတယ်။
ဇွန်လမှာ စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့နယ်အတွင်း တိုက်ခိုက်ရေးယာဉ်ဖြစ်တဲ့ F7 အမျိုးအစားလေယာဉ်ကိုPDF တပ်ဖွဲ့တစ်ခုဖြစ်တဲ့ PLA တပ်က ပစ်ချခဲ့တယ်လို့ဆိုပေမယ့် စစ်ကောင်စီက စက်ချို့ယွင်းမှုကြောင့် ပျက်ကျပျက်စီးတာလို့ ထုတ်ပြန်ထားပါတယ်။
၂၀၂၅ ခုနှစ် နှစ်ဝက်အတွင်းမှာ စစ်ကောင်စီရဲ့ တိုက်ခိုက်ရေးလေယာဉ်တွေနဲ့ ထောက်ပို့တပ်ရဟက်ယာဉ်တွေ ထိခိုက်ပျက်စီးမှု သုံးခုထက်မနည်းရှိခဲ့တာဖြစ်ပါတယ်။
မြန်မာ့လေတပ်မှာ တိုက်ခိုက်ရေးအတွက် လေယာဉ်အမျိုးအစား ၇ မျိုးအထိရှိပြီး ရုရှားနဲ့ တရုတ်နိုင်ငံတွေဆီကနေသာ ဝယ်ယူပိုင်ဆိုင်ထားကြောင်း သိရပါတယ်။
