တိုက်ပွဲပြန်ငြိမ်သွားသော်လည်းထီးချိုင့်မြို့ပေါ်မှစစ်ဘေးရှောင်များနေရပ်မပြန်နိုင်ကြသေး

ထီးချိုင့်မြို့ပေါ်ရပ်ကွက်များရှိ နေအိမ်များကို မီးရှို့နေသည့်မြင်ကွင်း

နိုဝင်ဘာ ၁၅ ၊ ထီးချိုင့် 

ထီးချိုင့်မြို့ပေါ်မှ  ဒေသကာကွယ်ရေးတပ်များ ပြန်ဆုတ်သွားပြီး တိုက်ပွဲတည်ငြိမ်သွားပေမယ့် စစ်ဘေးတိမ်းရှောင်သူတွေဟာ နေရပ်မပြန်နိုင်ကြသေးဘူးလို့ စစ်ရှောင်တွေက ပြောဆိုကြပါတယ်။ 

“ အိမ်ကမပြန်ရသေးဘူး။ သူတို့(စစ်တပ်) ကတော့ ရှင်းလင်းရေးလုပ်နေတယ်လို့ပြောတယ်။ ဝင်လို့ကိုမရသေးတာ ။ သွားပြီးတော့မှ ပြန်ခဲ့ရတာတွေလည်းရှိတယ်။ တချို့ကျန်ထားတဲ့သူတွေ ပြန်လာနေတာလည်းရှိတယ်။” လို့ ထီးချိုင့်မြို့ပေါ်မှ စစ်ဘေးတိမ်းရှောင်သူ တစ်ဦးက ပြောပြပါတယ်။ 

စစ်ကောင်စီက နိုဝင်ဘာလ ၁၃ ရက်နေ့မှာ ထီးချိုင့်မြို့ကို ပြန်လည်ထိန်းသိမ်းနိုင်ပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ထားတာလည်းဖြစ်ပါတယ်။ 

စစ်ဘေးတိမ်းရှောင်ရသူတွေဟာ ဘုန်းတော်ကြီးကျောင်းနှင့် တခြားသောရပ်ကွက်များမှ နေထိုင်နေကြရတာလည်းဖြစ်ပြီး တိမ်းရှောင်ရက်ကြာလာသည်နှင့် စားနပ်ရိက္ခာအတွက် လိုအပ်ချက်ရှိနေတယ်လို့သိရပါတယ်။ 

စစ်ဘေးရှောင်တွေကို ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးနေတဲ့အဖွဲ့အစည်း တစ်ခုမှမျှ မရှိဘူးလို့လည်း စစ်ဘေးရှောင်တွေက ဆိုပါတယ်။ 

“ ဘယ်သူတွေလာမှာတုန်းမောင်၊ ဘယ်သူမှမလာဘူး။  အမလေး ဆန်တွေလည်းမရှိ ကွမ်းရွက်တွေ ကွမ်းသီးတွေတောင်မှဝယ်လို့မရတော့ဘူး ဘာမှလုပ်မရတော့ဘူး” လို့ ၎င်းက ဆက်ပြောပြပါတယ်။ 

ဒါ့ပြင် မနေ့က နိုဝင်ဘာလ ၁၄ ရက်နေ့မှာ စစ်ကောင်စီတပ်ဖွဲ့တွေက ထီးချိုင့်မြို့ပေါ်က ရပ်ကွက်တချို့ကို မီးရှို့မှုတွေလုပ်ဆောင်ခဲ့တာဖြစ်ပြီး ရပ်ကွက်အများအပြားမီးလောင်မှုဖြစ်ပေါ်ခဲ့တယ်လို့ မြင်တွေ့သူတွေက ပြောပါတယ်။ 

“ ရှင်းလင်းရေးလုပ်တာလည်း ရည်ရွယ်ချက်ရှိရှိလုပ်တာလားမသိဘူး။ မနေ့ကဆိုရင်အိမ်တွေကို မီးလိုက်ရှို့တာ။ ထီးချိုင့်က တချို့ ရပ်ကွက်မရှိတော့ဘူး ပြာပုံပဲရှိတော့တယ်” လို့ မီးလောင်မှုကို မြင်တွေ့ရတဲ့ ထီးချိုင့်တစ်ဖက်ကမ်း သပြေလှ ဒေသခံတစ်ဦးကပြောပါတယ်။  

စစ်ကောင်စီဘက်က အခုဖြစ်ရပ်နှင့်ပတ်သက်ပြီး တစ်စုံတစ်ရာထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။ 

မြို့ပေါ်တိုက်ပွဲကြောင့် ဒေသခံထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်နေရမှုက တစ်ပတ်နီးပါးကြာမြင့်လာပြီလို့ စစ်ရှောင်တွေဆီကနေ သိရပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *