တိုင်းရင်းသားလက်နက်ကိုင်များနှင့်ဆက်စပ်ပတ်သက်သူအများစုကို စစ်ကောင်စီကပြန်လွှတ်ပေး သော်လည်း SNA နဲ့ပတ်သက်သူများကို လွှတ်မ ပေးသေး

အောက်တိုဘာ ၂၁ ၊ ဟုမ္မလင်း

စစ်ကောင်စီက အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ဆက်စပ်ပတ်သက်သူ တစ်ရာကျော်အား အောက်တိုဘာလ ၁၅ ရက် နေ့စွဲဖြင့် အမှုပိတ် လွှတ်ငြိမ်းခွင့် ပေးခဲ့သော်လည်း ရှမ်းနီတိုင်းရင်းသားများတပ်မတော် SNA နှင့် ဆက်စပ်ပတ်သက်သူဟု စွပ်စွဲခံထားရသူများကိုမူ ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်ကြောင်း သိရသည်။

” ကိုလူကျန်ကိုလည်း ဟုမ္မလင်းမှာ ဖမ်းထားတာ တစ်နှစ်ကျော်ပြီ ခုထိ ဒီဂရီမချသေးသလို ပြန်လည်း မလွှတ်ပေးသေးဘူး။ ပြီးတော့ သူက SNA အဖွဲ့ကလည်း မဟုတ်ဘူး။ သင်တန်းဆင်းပွဲကို မိတ်ဆွေတွေက ခေါ်လို့ သွားတက်ရင် ဖြစ်သွားတာ ။”ဟု ဟုမ္မလင်းမြို့နယ် ဒေသခံတစ်ဦးက ရှမ်းနီအသံသို့ ပြောကြားသည် ။

ဟုမ္မလင်းမြို့နယ် စေတီဆိပ်ကျေးရွာသား စိုင်းလူကျန်သည် ၂၀၁၉ ခုနှစ် မတ်လ ၃၀ ရက်နေ့ကထုတ်လွှင့်သောဧရာဝတီသတင်းဌာန၏ သတင်းဆောင်းပါးတွင် SNA နဲ့ပတ်သက်၍ အင်တာဗျူးဖြေကြားခဲ့ရာ ၂၀၂၀ ခုနှစ် ဇူလိူင်လ ၁၃ ရက်နေ့တွင် ဖမ်းဆီး ထိန်းသိမ်း ခံထားရခြင်းဖြစ်သည် ။

အလားတူ SNA တပ်ဖွဲ့ဝင်များနှင့်အတူ ဆက်စပ် ပတ်သက်သူနှစ်ဆယ်ဦးထက်မနဲကိုလည်း ဖမ်းဆီးထားဆဲ ဖြစ်ကြောင်း SNA နှင့် နီးစပ်သူတစ်ဦးက ရှမ်းနီအသံသို့ ပြောကြားသည် ။

“တပ်မဟာ ၆၁၄ ဘက်က လေးဦး ၊ ၇၅၃ ဘက်က လေးဦး ၊ ၉၇၂ ဘက်က ခြောက်ဦးနဲ့ ၈၉၁ ဘက်က နှစ်ဦး အဖမ်းခံထားရတယ် ။ဒီနောက်ပိုင်း အရပ်ထဲမှာ ထင်မြင်ချက်နဲ့ဆွဲပြီး တာတွေလည်း ရှိသေးတယ် ။ ”ဟု ၎င်းက ပြောကြားသည် ။

ရှမ်းနီ အမျိုးသားများတပ်မတော် SNA ကို ၁၉၈၉ ခုနှစ်ဇူလိူင်လ ၅ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး ရှမ်းနီပြည်နယ်ရရှိရေး ၊ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေး ၊ မှူးယစ်ဆေးဝါး တိုက်ဖျက်ရေး ၊ ရှမ်းမျိုးနွယ်စုများ စည်းလုံးညီညွှတ်ရေး ၊ သဘာဝပတ်ဝန်းကျင် ထိန်းထိမ်းစောင့်ရှောက်ရေး နှင့် ဒေသဖွံ့ဖြိုးရေး စသည့် မူကြီး ငါးရပ်ဖြင့် ဖွဲ့စည်း တည်ထောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည် ။

ရှမ်းနီ အမျိုးသားများတပ်မတော် SNA သည် မည်သည့်အဖွဲ့အစည်းနှင့်မျှ ဆွေးနွေးညှိနိူင်းထားခြင်းမရှိသေးသလို မည်သည့်အဖွဲ့အစည်း၏လက်အောက်ခံမှ မဟုတ်ပဲ ရှမ်းနီအမျိုးသားထု တစ်ရပ်လုံးကို ကာကွယ်စောင့်ရှောက်ရန်ကိုသာ ဦးစားပေးသွားမည်ဖြစ်ကြောင်း SNA ၏ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

SNA သည် အိန္ဒိယနိူင်ငံနယ်စပ်တွင် အခြေပြု၍ ကချင်ပြည်နယ် နှင့် စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ ရှမ်းနီလူမျိုးများနေထိုင်ရာ ဒေသများတွင် အခြေပြုပြီးလျှင် အင်အားငါးထောင်ကျော်ခန့်ဖြင့် လူပ်ရှားလျှက်ရှိကြောင်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *