
မတ် ၉ ၊ ချင်းမိုင်
တော်လှန်ရေးအဖွဲ့အစည်းများ ထိန်းချုပ်ရာနယ်မြေဒေသတွေမှာ အမျိုးသမီးများ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုခံနေရတာတွေနဲ့ပတ်သက်ပြီး အရေးယူမှုအလွန်ပင် အားနည်းနေတာကို စိတ်ပျက်ကြောင်း မြန်မာအမျိုးသမီးများအဖွဲ့ All Burma Woman’s Union (ABWU) က မနေ့က ထုတ်ပြောလာပါတယ်။
မတ်လ(၈)ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့မှာ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG)အပါအဝင် ဒေသအသီးသီးက တော်လှန်ရေးအဖွဲ့အားလုံးကို ပြောဆိုလာတာဖြစ်ပြီး ပွင့်လင်းမြင်သာတဲ့စုံစမ်းစစ်ဆေးမှုများ ချက်ခြင်းပြုလုပ်ကြဖို့တိုက်တွန်းလိုက်တာပါ။
အမျိုးသမီးအပါဝင် အခြားဂျန်ဒါများအပေါ် တော်လှန်ရေးအင်အားစုများနဲ့ဘယ်အဖွဲ့မဆို ဖိနှိပ်အကြမ်းဖက်မှုတွေ မကျူးလွန်စေဖို့ ကြိုတင်ကာကွယ်ရေးစီမံချက်များနဲ့ ကျူးလွန်ပါက ချက်ချင်းအရေးယူပြီး အများပြည်သူတွေကို ချပြရန်လိုနေတယ်လို့ ဆိုပါတယ်။
လောလောလတ်လတ်ဖြစ်စဉ်အနေနဲ့ ယင်းမာပင်ခရိုင်တပ်ရင်း(၂၀)က အဖွဲ့ဝင်ဖြစ်သူ အစ္စလာမ်ဘာသာဝင် အိမ်ထောင်ရှင် ရဲမေအမျိုးသမီးကို ရိုက်နှက်ဖမ်းဆီးပြီး အဓမ္မပြုကျင့်ခဲ့တဲ့ကိစ္စဖြစ်ပွားခဲ့တဲ့အကြောင်း NUG ယာယီသမ္မတကို မတ်လ (၇)ရက်နေ့က အမျိုးသမီးအဖွဲ့များက အိတ်ဖွင့်ပေးစာပေးပို့ခဲ့ပါတယ်။
ဒီဖြစ်စဉ်ဟာ သုံးလအကြာက ဖြစ်ပွားခဲ့တာလို့သိရပြီး ဒီကိစ္စကို ဖြေရှင်းခြင်း၊အရေးယူခြင်း မရှိနေကြောင်း သိရပါတယ်။
အွန်လိုင်းမီဒီယာပေါ်မှာလည်း ဒီဖြစ်စဉ်ဟာပြန့်ပွားနေတာကြောင့် အတွင်းစည်းယန္တရားအတွင်း တာဝန်ယူမှု၊တာဝန်ခံမှုနဲ့ အဖွဲ့အစည်းအတွင်း တရားမျှတစွာ မဖြေရှင်းနိုင်လို့ လူမြင်ကွင်းရှေ့ရောက်လာတာဖြစ်ကြောင်း ဆိုထားပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး NUG နဲ့ အမျိုးသားညီညွှတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC) တို့ဘက်က ယနေ့အထိ ဖြေရှင်းချက်တစ်စုံတစ်ရာထုတ်ပြန်လာခြင်းမရှိပေမယ့် ဂျန်ဒါအခြေပြုအကြမ်းဖက်မှုတွေကို တားဆီးကာကွယ်ဖို့ယခုထက်ပိုမိုလုပ်ဆောင်ရန် လိုအပ်နေသေးကြောင်း အပြည်ပြည်ဆိုင်ရာအမျိုးသမီးများအထိမ်းအမှတ်နေ့အတွက် ဂုဏ်ပြုထုတ်ပြန်ချက်ထဲ ထည့်သွင်းပြောဆိုထားပါတယ်။
မြန်မာမှာ (၅)နှစ်တာအတွင်း အမျိုးသမီးများ အကြမ်းဖက်ခံရတဲ့ဖြစ်စဉ်ပေါင်း (၉၀၀)ကျော်ရှိနေတဲ့အထဲ ကျူးလွန်သူတွေက စစ်ကော်မရှင်အဖွဲ့အပြင် တော်လှန်ရေးအဖွဲ့များလည်း ပါဝင်နေတယ်လို့ (ABWU)ရဲ့အချက်အလက်းများအရ သိရပါတယ်။
