
ဧပြီ ၈ ၊ မန္တလေး
မြန်မာနိုင်ငံမှာ တစ်ရက်ကို စက်သုံးဆီသုံးစွဲမှု ပမာဏ ဂါလံ ၃ သန်းကျော်ရှိခဲ့ပြီး ထိန်းချုပ်ကန့်သတ်ရောင်းချမှုတွေကြောင့် တစ်ရက်ကို ဂါလံတစ်သန်းလျော့ချနိုင်ခဲ့တယ်လို့ စစ်ကော်မရှင်က ဆိုပါတယ်။
အမေရိန်ကန်နဲ့ အီရန်စစ်ပွဲကြောင့် အာရှနိုင်ငံတွေဆီကို ရေနံအဓိကတင်ပို့နေတဲ့ ဟော်မုခ်ရေလက်ကြားပိတ်ခံထားရပြီး စက်သုံးဆီအကြပ်အတည်း ရင်ဆိုင်နေရတာပါ။
မြန်မာစစ်ကော်မရှင်က စက်သုံးဆီသုံးစွဲမှုလျော့ချရေးအတွက် စုံ၊မ အလှည့်ကျ ယာဉ်တွေမောင်းနင်ရေးစနစ် ၊ စက်သုံးဆီတွေကိုလည်း ခွဲတမ်းစနစ်တွေနဲ့ ရောင်းချခဲ့တာဖြစ်ပါတယ်။
အဲ့သလို စနစ်အကောင်အထည်ဖော်ပြီးတစ်လပြည့်ချိန်မှာ စက်သုံးဆီ တစ်ရက်ကို ၂၉ ရာခိုင်နှုန်း လျော့ချနိုင်ပြီး နိုင်ငံခြားငွေသုံးစွဲမှုကို ကန်ဒေါ်လာ ၆ သန်းခန့်သက်သာစေတယ်လို့ မနေ့က စစ်ကော်မရှင်က ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် စက်သုံးဆီတွေဟာ လက်ရှိမှာ ဓာတ်ဆီ ရက် (၄၀) စာအတွက်နဲ့ ဒီဇယ် ရက် (၅၀) အတွက် ဖူလုံနေပြီး ဒီဧပြီလထဲမှာ ဆီသင်္ဘော (၂၆ )စင်း ရောက်ဖို့ရှိတယ်လို့ တစ်ပါးတည်းထုတ်ပြန်ထားပါတယ်။
စစ်ကော်မရှင်က စက်သုံးဆီလျော့ချမှုတွေ အပြင် ယာဉ်မောင်းနှင်တဲ့ ကီလိုအလိုက် ရောင်းချပေးတာ၊ စုံ၊မ ရက်ကန့်သတ်ရောင်းချတာ ၊ ယာဉ်တွေရဲ့ အင်ဂျင်ပါဝါအလိုက် ဆီပမာဏတွေကို ကန့်သတ်ရောင်းချမှု အမျိုးမျိုးပြုလုပ်ထားတာဖြစ်ပါတယ်။
ဒါ့အပြင် စက်သုံးဆီဆိုင်တွေကိုလည်း နေပြည်တော်ကနေ တိုက်ရိုက်ထိန်းချုပ်မှုတွေပြုလုပ်ထားတာဖြစ်ပါတယ်။
စက်သုံးဆီအကြပ်အတည်းတွေကြောင့် မတ်လကုန်ပိုင်းမှာပဲ ကုန်စျေးနှုန်းတွေ တရိပ်ရိပ်မြင့်တက်လာနေပါတယ်။
