
ဧပြီ ၁၀ ၊ ထိုင်ဝမ်
တရုတ်နိိုင်ငံသမ္မတ ရှီကျင့်ဖျင် နဲ့ ထိုင်ဝမ်အတိုက်ခံခေါင်းဆောင်တို့ဟာ ဒီနေ့သောကြာနေ့အစောပိုင်း ရှားရှားပါးပါးတွေ့ဆုံမှုတွေထဲ ကမ္ဘာလုံးဆိုင်ရာပဋိပက္ခများနှင့် ငြိမ်းချမ်းရေးလိုအပ်ချက်ကို ထောက်ပြခဲ့ကြပါတယ်။
ဆယ်စုနှစ်တစ်ခုအတွင်း ပထမဆုံးအကြိမ်အဖြစ် ထိုင်ဝမ်ကူမင်တန် (KMT) ပါတီရဲ့ ခေါင်းဆောင် ချန်လီဝမ်နဲ့ တရုတ်သမ္မတတို့ကြား တွေ့ဆုံမှုဖြစ်ပါတယ်။
ဒီတွေ့ဆုံမှုကလည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တရုတ်သမ္မတ ရှီနဲ့တွေ့ဆုံဖို့ တရုတ်နိုင်ငံသို့ သွားရောက်ဖို့ စီစဉ်ထားချိန် ထိုင်ဝမ်အရေး အဓိကအစီအစဉ်ထဲ ပါဝင်ဖွယ်ရှိတယ်လို့ဆိုနေကြပါတယ်။
“ယနေ့ခေတ်ကမ္ဘာကြီးဟာ ငြိမ်းချမ်းမှုတွေဆီကနေ ဝေးကွာနေပြီး ငြိမ်းချမ်းရေးဟာ ပိုပြီးတန်ဖိုးရှိပါတယ်” လို့ ရှီက ပေကျင်းပြည်သူ့ခန်းမကြီးမှာပြောပါတယ်။
တရုတ်ဟာ ထိုင်ဝမ်ကျွန်းကို ၎င်း၏ကိုယ်ပိုင်အဖြစ် ပြောဆိုထားပြီး တစ်ရက်မှာ အင်အားသုံးပြီး သိမ်းပိုက်မယ့်အရေးကို ငြင်းဆိုထားခြင်း မရှိသေးပါဘူး။
မကြာသေးမီနှစ်တွေ အတွင်း ထိုင်ဝမ်တစ်ဝိုက်မှာ ဖိအားပေးမှုတွေနဲ့ စစ်ရေးလေ့ကျင့်မှုတွေကို တိုးမြှင့်လုပ်ဆောင်ခဲ့ပြီး တင်းမာမှုတွေဟာ ပထဝီနိုင်ငံရေးပဋိပက္ခအဖြစ်သို့ မြင့်တက်လာနိုင်တာကြောင့် စိုးရိမ်မှုတွေမြင့်တက်လာခဲ့ပါတယ်။
“ ရေလက်ကြားရဲ့ နှစ်ဖက်စလုံးက နိုင်ငံသားတွေဟာ တရုတ်လူမျိုးတွေနဲ့ မိသားစုတစ်စုတည်းပါပဲ” လို့ ရှီက ပြောကြားခဲ့ပါတယ်။
ချန်က “ကျွန်မတို့ပါတီနှစ်ခုရဲ့ မနားမနေကြိုးပမ်းမှုတွေကြောင့် ထိုင်ဝမ်ရေလက်ကြားဟာ ပဋိပက္ခဖြစ်နိုင်ခြေရဲ့ အဓိကနေရာတစ်ခု မဟုတ်တော့သလို ပြင်ပဝင်ရောက်စွက်ဖက်မှုအတွက် စစ်တုရင်ခုံတစ်ခုလည်း ဖြစ်လာတော့မှာ မဟုတ်ဘူး” လို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။
