ထီးချိုင့်စစ်ဘေးရှောင်များရိက္ခာပြတ်လပ်လာ

 နိုဝင်ဘာ ၁၇ ၊ ထီးချိုင့် 

တိုက်ပွဲများကြောင့် ထီးချိုင့်မြို့ပေါ်မှ ထွက်ပြေးတိမ်းရှောင်နေရသူတွေဟာ ၁၀ ရက်ကျော်လာပြီး ရိက္ခာပြတ်လပ်မှုများနှင့် ကြုံတွေ့နေရတယ်လို့ စုံစမ်းသိရှိရပါတယ်။ 

“ အခြေခံလူတန်းစားတွေက ဘယ်လိုမှ ရပ်တည်လို့မရတော့ဘူး ကြာရင်က တိုက်ပွဲဖြစ်တာက နောက်မှ အခုက တစ်ယောက်နဲ့ တစ်ယောက် လုကြယက်ကြဖြစ်တော့မယ်။  အနေအထားကသိပ်မကောင်းဘူး ။ရိက္ခာတွေပြတ်ကုန်ပြီလေ။ ငါတောင်မှ အသိမိတ်ဆွေရွာတွေကို သွားပြီ ဆန်တွေသွားယူခဲ့တာ အဲ့ဒီအသိမိတ်တွေကလည်း ဆန်တွေသိပ်မကျန်တော့ သူတို့ကလည်း သူတို့အတွက်ချန်ထားတယ်။ “ လို့ စစ်ဘေးရှောင်တစ်ဦးက ပြောပြပါတယ်။ 

ထီးချိုင့်မြို့ပေါ်မှ ဧရာဝတီမြစ်တစ်ဖက်ကမ်းဖြစ်တဲ့ မောင်းကုန်း ၊ အုတ်ဆုံ စတဲ့ကျေးရွာများနှင့် ဘုန်းတော်ကြီးကျောင်းများမှာ ထွက်ပြေးတိမ်းရှောင်နေရတာလည်းဖြစ်ပါတယ်။ 

စစ်ဘေးရှောင်အများဆုံးရှိတဲ့ မောင်းကုန်းကျေးရွာမှာလည်း နှစ်ဖက်တပ်တွေရဲ့ လမ်းပန်းဆက်သွယ်ရေးဖြတ်တောက်ခြင်းခံထားရမှုတွေကြောင့်  ကုန်ပစ္စည်းပြတ်လပ်မှုတွေရှိလာပြီး ကုန်စျေးနှုန်းကြီးမြင့်မှုတွေလည်း ဖြစ်ပေါ်လာနေတယ်လို့ စစ်ရှောင်တွေကပြောဆိုပါတယ်။ 

“ အခုက ကားလမ်းတွေလည်းပိတ် ၊ အဆင်းလမ်းတွေလည်းပိတ်ဆိုတော့အကုန်လုံးပိတ်ထားတော့ ဘယ်လိုမှ လုပ်လို့မရဘူး” လို့ မောင်းကုန်းကျေးရွာသို့ စစ်ရှောင်လာသူတစ်ဦးက ပြောပြပါတယ်။

စစ်ဘေးရှောင်တွေကို  မည်သည့်အဖွဲ့အစည်းတစ်ခုမျှ လာရောက်ခြင်းကူညီခြင်းမရှိသေးတာကြောင့် ကူညီပေးဖို့တောင်းဆိုကြောင်း စစ်ဘေးရှောင်တွေက ပြောပါတယ်။ 

ထီးချိုင့်မြို့ပေါ်မှ ထောင်နှင့်ချီတဲ့ စစ်ဘေးရှောင်တွေဟာ လမ်းခရီးပိတ်ဆို့ထားမှုတွေကြောင့် နေရပ်လည်းမပြန်နိုင်သေးသလို တခြားဒေသသို့လည်း သွားလာနိုင်ခြင်းမရှိဘူးလို့ ပြောဆိုနေကြပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *