ထီးချိုင့်မြို့နယ်အတွင်း ကွင်းကြီးကျေးရွာအနီးတိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီက  လေကြောင်းသုံးတိုက်ခိုက်

ဩဂုတ် ၂၁ ၊ ထီးချိုင့်

ထီးချိုင့်မြို့နယ်အတွင်း ကွင်းကြီးကျေးရွာအရှေ့ဘက်တောင်မှာ စစ်ကောင်စီတပ်နှင့် KIA + PDF ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်မှ လေကြောင်းသုံးတိုက်ခိုက်ခဲ့တယ်လို့ ထီးချိုင့်ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရှိရပါတယ်။

ထီးချိုင့်မြို့နယ် ပေါက်ကုန်းကျေးရွာအုပ်စု ကွင်းကြီးကျေးရွာဘက်ကို စစ်ကောင်စီက ယမန်နေ့ ဩဂုတ်လ ၂၀ ရက်နေ့မှာ စစ်ကြောင်းထိုးသွားတဲ့အတွက် တိုက်ပွဲဖြစ်ပွားခဲ့ရပြီး မနက် ၁၀ နာရီ ဝန်းကျင်ကနေ ညနေ ၅ နာရီ ဝန်းကျင်အထိ ကြာမြင့်ခဲ့တယ်လို့ သိရှိရပါတယ်။

မနေ့ကစစ်ဖြစ်တယ်။ပေါက်ကုန်းအုပ်စုကွင်းကြီးကျေးရွာဘက်မှာ။ရွာထဲမှာတော့မဖြစ်ဘူး။တောထဲမှာဖြစ်ကြတာတောင်ခြေမှာကသူတို့(KIA + PDF) စခန်းတွေရှိတာကြီးကို။လို့ထီးချိုင့်ဒေသခံအမျိုးသားတစ်ဦးကပြောခဲ့တာပဲဖြစ်ပါတယ်။

စစ်ကောင်စီဘက်က လေကြောင်းကနေ လေးကြိမ် တိုက်ခိုက်ခဲ့တဲ့အတွက် အကျအဆုံးရှိနိုင်တယ်လို့လည်းဆိုပါတယ်။ 

အဆိုပါတိုက်ပွဲ ဖြစ်ပွားတဲ့နေရာသည် လမ်းမကြီးအရှေ့ဘက် ၂ မိုင်ခန့်အကွာမှာ ဖြစ်နေတဲ့အတွက် ခရီးအသွားအလာ ရပ်နားရတာမျိုးမရှိဘူးလို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပြပါတယ်။

“အခုကတော့ အတက်အဆင်းကားတွေကတော့ ရှိတယ်။ စစ်ကြောင်းပဲ ထိုးသွားလိုက်လို့ပါ။ တိုက်ပွဲ အကြီးအကျယ် ဖြစ်တာ မရှိပါဘူး။” 

ထီးချိုင့်မြို့နယ်အတွင်းမှာ တိုက်ပွဲဖြစ်ပွားမှု လျော့ကျခဲ့ပေမယ့် ဩဂုတ်လဆန်းပိုင်းမှ စစ်ကောင်စီ စစ်ကြောင်းများ ပြန်လည်လှုပ်ရှားလာခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *