ဇွန် ၂ ၊ ထီးချိုင့်
စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့မှာ မြို့ပေါ်က စာသင်ကျောင်းတွေမှသာ ဒီနေ့ ဇွန်လ (၂) ရက်နေ့ ကျောင်းတွေဖွင့်တဲ့အခါမှ ပြန်လည်ဖွင့်လှစ်နိုင်သေးတယ်လို့ သိရပါတယ်။
“ နယ်တွေက မဖွင့်နိုင်သေးဘူး မြို့ပေါ်ကျောင်းငါးကျောင်းအရင်ဖွင့်မှာပေါ့ ပြီးကျမှ နယ်ကကျောင်းတွေကို ကျောင်းအုပ်ဆရာ/မတွေကို အစည်းအဝေးပြန်ခေါ်ပြီးတော့ အဲ့လိုပေါ့လေ။ ဒီနေ့သွားကြည့်တယ် နေ့တစ်ပိုင်း စပြီးတော့မှ ဖွင့်တာပေါ့”လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
နယ်တချို့ကကျောင်းတွေ မဖွင့်လှစ်နိုင်သေးတာက စစ်ကောင်စီဘက်က ခေါ်တဲ့ အစည်းအဝေးကို မတက်ရောက်ခဲ့သူများပြားနေတာ ၊ လုံခြုံရေးအကြောင်းပြချက်တွေကြောင့်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် တိုက်ပွဲဖြစ်ပွားမှု နဲ့ စစ်ရေးလှုပ်ရှားမှုတွေမြေတွေဖြစ်တဲ့ ထီးချိုင့်မြို့နယ် နဲ့ ကသာမြို့နယ်ကြားက ကျေးရွာတွေနဲ့ အလယ်တော အထက ကျောင်းတွေကတော့ ဖွင့်နိုင်မယ့် အခြေအနေမှာမရှိဘူးလို့လည်း သိရပါတယ်။
ထီးချိုင့်မြို့နယ်မှာ စာသင်ကျောင်းပေါင်း (၅၀) နီးပါးရှိပြီး အဲ့ထဲမှာမှ ဒီနေ့ဖွင့်လှစ်နိုင်တာ ၁၀ ကျောင်းဝန်းကျင်သာ ရှိနေတယ်လို့လည်း စုံစမ်းသိရှိရပတယ်။