ထီးချိုင့်မြို့ပေါ်ကျောင်းနဲ့ဆေးရုံအနီးမှာမိုင်းပေါက်ကွဲမှုဖြစ် 

ထီးချိုင့်မြို့အဝင်ဆိုင်းဘုတ်ကိုတွေ့ရစဉ်

ဩဂုတ် ၅ ၊ ထီးချိုင့် 

ထီးချိုင့်မြို့ပေါ်က ဆေးရုံနဲ့ အထကကျောင်းအနီးမှာ ဩဂုတ်လ ၅ ရက်နေ့ နံနက် ၁၁ နာရီဝန်းကျင်အချိန်က မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ သတင်းရရှိပါတယ်။ 

“ စျေးနားမှာ ၁၁ နာရီအချိန်မှာ ထီးချိုင့်မြို့ပေါ်စျေး  မိုင်းကွဲမှုဖြစ်ပွားပြီး ပစ်ခတ်မှုဖြစ်တယ်။ တစ်မြို့လုံးတုန်လှုပ်ကုန်တာ ၊ တစ်ခါတတံတားကိုရော မြို့ဝင်မြို့ထွက်ကိုရော တစ်ခါတည်းပိတ်ချပစ်တာ” လို့ ဒေသခံတစ်ဦးက ပြောပြပါတယ်။ 

မိုင်းပေါက်ကွဲတဲ့နေရာက ဆေးရုံ ၊ အထကကျောင်း နဲ့ စျေးအနီးမှာဖြစ်ပြီး ကျောင်းလုံခြုံရေးယူထားတဲ့ စစ်သားနဲ့ ရဲတွေကို မိုင်းခွဲတိုက်ခိုက်တာဖြစ်နိုင်ကြောင်း သူကဆိုပါတယ်။ 

မိုင်းပေါက်ကွဲမှုကြောင့် ထိခိုက်သူမရှိဘူးလို့ပြောဆိုပေမယ့် အတည်မပြုနိုင်သေးတဲ့ သတင်းအရ စစ်ကောင်စီဘက်က တစ်ယောက်ထိခိုက်တယ်လို့ဆိုပါတယ်။ 

ဒီလိုမိုင်းပေါက်ကွဲမှုဖြစ်ပွားပြီးနောက် မြို့ပေါ်မှာ သေနတ်ပစ်ဖောက်ခဲ့သလို ထီးချိုင့်တံတားပေါ်ကနေလည်း လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။ 

ဧရာဝတီမြစ်ကူးတံတားအပါအဝင် မြို့ဝင်မြို့ထွက်အားလုံးကို ပိတ်ချပြီး မြို့တွင်းမှာ စစ်ဆေးမှုတွေပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။ 

ဒီရက်ပိုင်းမှာလည်း ထီးချိုင့်မြို့နယ်အတွင်းမှာ မိုင်းပေါက်ကွဲမှု မကြာခဏဖြစ်ပွားနေပြီး လွန်ခဲ့တဲ့ ရက်သတ္တတစ်ပတ်က ထီးချိုင့်မြို့အထွက် တည်တောမောင်းတံဂိတ်အနီးမှာ ရဲတပ်သားတစ်ဦး ဓါးဒဏ်ရာ ၁၉ ချက်နဲ့ ထိခိုက်သေဆုံးမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *