ဧပြီ ၂၅ ၊ ရန်ကုန်
NUG က အထွေထွအုပ်ချုပ်ရေး ၊ လူဝင်မှုကြီးကြပ်ရေး နဲ့ မီးသတ်ဌာနမှ CDM ဝန်ထမ်းတွေရဲ့ ကိုယ်စားပြုကော်မတီတွေကို ဦးစီးဌာနအဖြစ် ပြောင်းလဲသတ်မှတ်ကြောင်း ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ဝန်ကြီးဦးလွင်ကိုလတ်က ဧပြီလ ၂၄ ရက်နေ့မှာ ကြေညာပါတယ်။
ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးတဲ့နောက်မှာ စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်လိုစိတ်မရှိတာကြောင့် CDM မှာပါဝင်လာကြတဲ့ ဌာနအသီးသီးတွေက ဝန်ထမ်းတွေကို ကိုယ်စားပြုကော်မတီတွေအဖြစ် ၂၀၂၁ ခုနှစ်မှာဖွဲ့စည်းခဲ့ပါတယ်။
ဒီလိုပြောင်းလဲဖွဲ့စည်းတာနဲ့ ပတ်သက်ပြီး NUG ဘက်က ပြောဆိုထုတ်ပြန်မှုက စစ်ကောင်စီရဲ့ လစ်လပ်သွားတဲ့ အုပ်ချုပ်ရေးယန္တရားတွေမှာ ဝင်ရောက်နေရာယူပြီး အုပ်ချုပ်ရေး ၊လုံခြုံရေး ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေ အကောင်အထည်ဖော်နိုင်ဖို့အတွက်ဖြစ်တယ်လို့ဆိုပါတယ်။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအတွက် NUG ရဲ့ ထိန်းချုပ်နယ်မြေတွေမှာ အုပ်ချုပ်ရေးယန္တရားအစားထိုးဝင်ရောက်ဖို့လုံခြုံရေး တရားဥပဒေစိုးမိုးရေးလုပ်ဖို့ ၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေအကောင်အထည်ဖော်နိင်ဖို့နဲ့ ပြည်နယ်ကောင်စီတွေရဲ့ အုပ်ချုပ်ရေးလုပ်ငန်းစဉ်တွေကို ပံ့ပိုးဖို့လို့ဆိုပါတယ်။
NUG ရဲ့ ထုတ်ပြန်မှုအရ မြန်မာနိုင်ငံမှာ နယ်မြေစိုးမိုးမှု ၁၅ ရာခိုင်နှုန်းရှိပြီး မြို့နယ် ၃၆ မြို့နယ်မှာ ပြည်သူ့အုပ်ချုပ်ရေးကို ဆောင်ရွက်ထားပြီးဖြစ်ကြောင်း ဆိုပါတယ်။
ပဲခူးတိုင်း ၊ ဧရာဝတီတိုင်းတို့မှာလည်း အုပ်ချုပ်ရေးလုပ်ငန်းလုပ်ဆောင်နိုင်ဖို့ စမ်းစစ်မှုတွေပြုလုပ်နေပြီဖြစ်တယ်လို့်လည်း ပြောဆိုထားပါတယ်။