
ဧပြီ ၉ ၊ နေပြည်တော်
ကျင်းပဖို့လျာထားတဲ့ ရွေးကောက်ပွဲကာလကို ဒီဇင်ဘာလမှာကျင်းပသွားမှာဖြစ်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က ဧပြီလ(၈)ရက်နေ့မှာ အတည်ပြုထုတ်ပြောလာပါတယ်။
ဒါကြောင့် ပါတီတည်ထောင်ခွင့် မှတ်ပုံတင်လျှောက်ရန်ကျန်ရှိသေးသော နိုင်ငံရေးပါတီများအနေနဲ့ မေလ (၉) ရက်နေ့အထိ နောက်ဆုံးထားကာ လျှောက်ထားကြဖို့ ထုတ်ဖော်ပြောဆိုထားပါတယ်။
ရွေးကောက်ပွဲအမီ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများ၊ မဲဆွယ်စည်းရုံးခြင်းများ လုပ်ဆောင်ဖို့ အချိန်လုံလောက်စေရန်အတွက် အခုလိုအသိပေးတာဖြစ်ကြောင်း ဆိုပါတယ်။
စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်ထံကို ပြန်လည် မှတ်ပုံတင်တဲ့ပါတီနဲ့ ပါတီအသစ် မှတ်ပုံတင်ထားတာ စုစုပေါင်း ပါတီ (၇၁) ပါတီရှိထားပြီလို့ သိရပါတယ်။
ဒါ့အပြင် ရွေးကောက်ပွဲကျင်းပဖို့ အချိန်နီးကပ်လာပြီဖြစ်တာကြောင့် လုပ်ငန်းဆောင်တာများပိုမိုဆောင်ရွက်နိုင်ရန်ဟုဆိုကာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းစိုးကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဒုတိယဥက္ကဌအဖြစ် မနေ့ကပဲခန့်အပ်ခဲ့ပါတယ်။
ရွေးကောက်ပွဲကို ဒီဇင်ဘာလ တတိယပတ်ကနေ ဇန်နဝါရီလ ဒုတိယပတ်အထိ တစ်လအကြာ ကျင်းပသွားမှာဖြစ်ကြောင်း မတ်လ(၂၅)ရက်နေ့မှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထုတ်ဖော်ပြောကြားခဲ့တာပါ။
ရွေးကောက်ပွဲပြုလုပ်နိုင်တဲ့မြို့နယ်တွေမှာ အဆိုပါတစ်လအတွင်း ပွဲဖြစ်မြောက်ပြီးစီးနိုင်ကြောင်းလည်း ပြောဆိုထားပါတယ်။
ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့အတွက် NUG ၊ တော်လှန်ရေးအင်အားစုများ ၊ နိုင်ငံတကာအဖွဲ့တချို့ နဲ့ အရပ်ဘက်အဖွဲ့တွေက တိုက်တွန်းပြောဆိုထားပါတယ်။
စစ်ကောင်စီ ရွေးကောက်ပွဲကျင်းပဖို့ လျာထားတဲ့ မြန်မာနိုင်ငံအလယ်ပိုင်းက မြို့နယ်အများစုကလည်း လက်ရှိမှာ ပြင်းထွန်စွာလှုပ်ခတ်ခဲ့တဲ့ ငလျင်ဘေးဒဏ်သင့်နေသော မြို့နယ်တွေအများဆုံးပါဝင်နေတာလည်းဖြစ်ပါတယ်။