ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းနှင့်ဗိုလ်မှူးချုပ်ရန်နောင်စိုးတို့ကိုစစ်ခုံရုံးကထောင်ဒဏ်တစ်သက်ချမှတ်

အောက်တိုဘာ ၁၁ ၊ နေပြည်တော် 

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ၊ နိုင်ငံခြားသုံးငွေ ကြီးကြပ်ရေးကော်မတီ၊ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်ရေးဗဟိုကော်မတီ စတဲ့ ကော်မတီ သုံးရပ်ရဲ့ ဥက္ကဌအဖြစ် တာဝန်ယူခဲ့တဲ့ ဒု-ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို စစ်ခုံရုံးကနေ ထောင်ဒဏ်တစ်သက်ချမှတ်လိုက်တယ်လို့ ကြေညာပါတယ်။ 

အောက်တိုဘာလ ၁၀ ရက်နေ့ညထုတ်ပြန်မှုအရ  ဒုတိယဗိုလ်ချုပ်ကြီးဟောင်း မိုးမြင့်ထွန်း နှင့် ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်ရေးဗဟိုကော်မတီ အတွင်းရေးမှူး တာဝန်ထမ်းဆောင်ခဲ့တဲ့ ဗိုလ်မှူးချုပ် ရန်နောင်စိုးကိုလည်း ထောင်ဒဏ်တစ်သက်ချမှတ်လိုက်တာလို့ဆိုပါတယ်။ 

သူတို့နှစ်ဦးလုံးကို  နိုင်ငံတော်သစ္စာဖောက်ဖျက်မှု ကျူးလွန်တာ၊ နိုင်ငံတော်က ချမှတ်ထားတဲ့ စီးပွားရေးဆိုင်ရာမူဝါဒတွေကို လိုက်နာဆောင်ရွက်မှုမရှိခြင်းနဲ့ တံစိုးလက်ဆောင်ပစ္စည်းများကို  ရာထူးလုပ်ပိုင်ခွင့် အသုံးချပြီး ရယူခဲ့တာလို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဒု-ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းက  စစ်ကောင်စီက ချမှတ်ထားတဲ့ စီးပွားရေးဆိုင်ရာ မူဝါဒတွေထဲက နိုင်ငံခြားသုံးငွေဆိုင်ရာ မူဝါဒ ၊ အရေးကြီး ကုန်စည်ဆိုင်ရာမူဝါဒကို သွေဖည်ထားပြီး ၊ စားအုံးဆီတင်သွင်းမှုမှာလည်း  ဒေါ်လာတွေကို နိုင်ငံတော်က သတ်မှတ်စျေးထက်ပိုတဲ့ နှုန်းတွေနဲ့ ရောင်းချမှုတွေရှိနေပမယ့် အရေးမယူတာ နဲ့   ကုမ္ပဏီတွေဆီကနေ တံစိုးလက်ဆောင်ရယူထားတယ်လို့ သိရပါတယ်။ 

ဗိုလ်မှူးချုပ် ရန်နောင်စိုးဟာ ဒု-ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနဲ့ အတူ ပူးပေါင်းပြီး စီးပွားရေးမူဝါဒတွေကို ကျူးလွန်တာ၊ ရာထူးကိုအသုံးချပြီး စီးပွားရေးလုပ်ငန်းရှင်တွေဆီကနေ နိုင်ငံခြားငွေ နဲ့ ကျပ်ငွေတွေကို လဲလှယ်မှုတွေ ၊ လက်ခံရယူမှုတွေရှိခဲ့တယ်လို့ ဆိုထားပါတယ်။ 

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းက ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးကတည်း စစ်ကောင်စီမှာ အဖွဲ့ဝင်အဖြစ်ပြီးခဲ့တဲ့ စက်တင်ဘာလအထိတာဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *