ဒုတိယ သမ္မတ (၃) ဦးကိုရွေးချယ်တင်မြှောက်

မတ် ၃၁ ၊ နေပြည်တော်

စစ်ကော်မရှင် ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၊ စစ်ကော်မရှင်ဝန်ကြီးချုပ် ဦးညိုစော ၊ လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းနီနီအေးတို့ကို လွတ်တော်အသီးသီးက ဒုတိယသမ္မတတွေ အဖြစ် ရွေးချယ်လိုက်ပြီဖြစ်ပါတယ်။

ဒီနေ့ မတ်လ ၃၁ ရက်နေ့မှာ ကျင်းပတဲ့ အမျိုးသားလွှတ်တော် ၊ ပြည်သူ့လွှတ်တော် အစည်းအဝေးတွေကနေ အသီးသီးမဲခွဲရွေးချယ်လိုက်ကြတာလည်းဖြစ်ပါတယ်။

ပြည်သူ့လွတ်တော်မှာ ဒုသမ္မတ လောင်းအဖြစ် အဆိုပြုထားတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၄၇ မဲ နဲ့ ဒေါက်တာကျော်ဆွေက ၁၀ မဲ ရရှိခဲ့ပြီး ပယ်မဲ ၃ မဲရှိခဲ့တာလည်းဖြစ်ပါတယ်။

ဒုတိယသမ္မတ ဖြစ်လာတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ မနေ့ကဘဲ ကာကွယ်ရေးဦးစီးချုပ် တာဝန်ကနေ ရပ်နားပြီး ဗိုလ်ချုပ်ကြီးရဲဝင်းဦးကို ကာချုပ်တာဝန်လွှဲပြောင်းပေးလိုက်တာဖြစ်ပါတယ်။

အမျိုးသားလွှတ်တော်မှာလည်း ဒေါ်နန်းနီနီအေးက ၁၁၇ မဲ ၊ ဒေါက်တာတူးဂျာက ၃၁ မဲရရှိခဲ့တာပါ။

ဒေါ်နန်းနီနီအေးဟာ လွတ်လပ်ရေးရပြီးနောက် ပထမဆုံးသော အမျိုးသမီး ဒုတိယ သမ္မတဖြစ်လာသူတစ်ဦးလည်းဖြစ်ပါတယ်။

တပ်ကနေ တင်တဲ့ ဒုတိယသမ္မတလောင်းကော့ လက်ရှိ စစ်ကော်မရှင်ရဲ့ ဝန်ကြီးချုပ် ဦးညိုစောပဲဖြစ်ပါတယ်။

ဒုတိယသမ္မတ သုံးဦးရဲ့ အမည်စာရင်းတွေကို ပြည်ထောင်စုလွှတ်တော်ထံကို တင်သွင်းကာ အရည်အချင်းပြည့်မှီ၊ မမှီ စီစစ်သွားမှာဖြစ်ပြီးတော့ ရွေးချယ်တင်မြောက်သွားရမှာပဲဖြစ်ပါတယ်။

လာမယ့်ရက်အတွင်းကျင်းပမယ့် ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲပြီးတော့ မဲအများဆုံးရရှိသူဟာ သမ္မတ ဖြစ်လာမှာဖြစ်ပြီး ဒုတိယ မဲအများဆုံးက ဒုသမ္မတ ၁ နဲ့ တတိယမဲရရှိသူကတော့ ဒုသမ္မတ ၂ ဖြစ်လာမှာပဲဖြစ်ပါတယ်။

တစ်ဖက်မှာလည်း စစ်အာဏာရှင်ချုပ်ငြိမ်းရေး၊ တော်လှန်ရေးအရှိန်မြင့်တင်ရေးအတွက် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီတစ်ခုကို မနေ့ကဘဲ NUG နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တချို့က ဖွဲ့စည်းထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *