ဟိုပင်မြို့မှာ ဖူဆယ်ကန်နေတဲ့ လူငယ်တွေအပါအဝင် လက်သမားများကို KPDF တွေစုဆောင်းရေးဆွဲ

မတ်(၃၁)၊ဟိုပင်မြို့

ကချင်ပြည်နယ်၊ဟိုပင်မြို့မှာ မနေ့က မတ်လ(၃၀)ရက်တွင် ဖူဆယ်ဘောလုံးကစားနေတဲ့ လူငယ်တွေနဲ့ လက်သမားလုပ်နေသူ တချို့ကို ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)+PDFတပ်ဖွဲ့များက စုဆောင်းရေးဆွဲခေါ်သွားတယ်လို့ မြို့ခံများထံမှ သိရပါတယ်။

လူတွေက ဘယ်လောက်ပါသွားလဲဆိုတာ မသိနိုင်သေးဘူး။ နယ်ခံမဟုတ်ရင်မှာ ဘယ်သိနိုင်မလဲ အခုကစစ်ရှောင်တွေလည်း တော်တော်များတာကိုး စစ်ရှောင်တွေက စာရင်းရှိတာမဟုတ်ဘူးလေ နောက်ပြီး သူတို့ကချင်တွေလည်းပါသွားတယ်ကြားတယ်။ လိုက်ရှာလိုက်မေးနေကြတုန်းတဲ့ “ဟု ဟိုပင်မြို့သားတစ်ဦးက ပြောပြပါတယ်။

မနေ့ကတစ်ရက်တည်းမှာပဲ မြဇေယျာရပ်ကွက်ရှိ ဖူဆယ်ဘောလုံးကွင်းမှာ ဘောလုံးကစားနေတဲ့လူငယ်တွေကို ဆွဲခေါ်သွားသလို မြို့မမြောက်ဘက်ခြမ်းရှိ လက်သမားလုပ်နေသူများကိုလည်း ခေါ်ဆောင်သွားတာဖြစ်တယ်လို့သိရပြီး ဦးရေကိုတော့မသိရသေးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ်လလည်မှာလည်း ဟိုပင် – နမ္မား- မိုးညှင်း ကြားမှာလည်း ဒေသခံ လူငယ်၊ လူလတ် ဆယ်နဲ့ချီဟာ စစ်သားစုဆောင်းခံခဲ့ရတဲ့ဖြစ်စဉ်တစ်ခုလည်းဖြစ်ပွားခဲ့ပါသေးတယ်။

မနေ့က ညပိုင်း(၉)နာရီအချိန်မှာလည်း ပြည်ထောင်စုလမ်းမကြီးပေါ်မှာ သေနတ်ဖောက်သံများကို မိနစ်အတော်ကြာ ဆူဆူညံညံပစ်ဖောက်မှုများရှိခဲ့ကြောင်း မြို့ပေါ်နေထိုင်သူများထံမှ သိရပါတယ်။

“ မနေ့က မိုးညှင်းမြို့ပေါ်မှာလည်း အစစ်အဆေးတွေများနေတယ် စိုက်ပျိုးရေးလမ်းဆုံမှာ ဘာသတင်းကြားရလို့လဲတော့မသိဘူး အခြေအနေတွေက ဒီရက်တွေ ရုတ်ရုတ်သဲသဲဖြစ်နေတယ် စုဆောင်းရေးတွေလည်းဆက်တိုက်လိုဖြစ်နေတယ် ကသာဘက်က (PDF) တွေဆုတ်လာတော့ ဒီမှာလာစုမှာစိုးလို့နေမှာ” ဟု မိုးညှင်းမြို့သားတစ်ဦးကလည်း အခုလိုပြောပြပါတယ်

မနေ့ကညပိုင်းမှာပဲ မိုးညှင်းမြို့၊ပင်းဟဲကျေးရွာမှာ ပြည်သူ့စစ်တပ်ဖွဲ့များရဲ့ဂိတ်စခန်းကို KPDF ပူးပေါင်းတပ်ဖွဲ့တို့ ချည်းကပ်လာမှုကြောင့် ပြည်သူ့စစ်တပ်ဖွဲ့များဘက်မှ သေနတ်ပစ်ခတ်မှုတွေပြုလုပ်ခဲ့တယ်လို့ ပင်းဟဲကျေးရွာဒေသခံများက ဆိုပါတယ်။

ဒီရက်ပိုင်း မိုးညှင်းမြို့၊ဟိုပင်မြို့တွေအတွင်း အစစ်အဆေးတင်းကြပ်နေသလို မြို့အနီးတစ်ဝိုက်နဲ့ မြို့ရှောင်လမ်းပိုင်းများအပါအဝင်အနီးကျေးရွာတွေမှာလည်း နှစ်ဖက်တပ်ဖွဲ့များရဲ့ စုဆောင်းရေးခေါ်ဆောင်ခြင်းတွေ ရက်ဆက်ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

ပူးပေါင်းတပ်ဖွဲ့များက ဟိုပင်မြို့၊နန့်ရင်းချောင်းတစ်ဖက်ကမ်းနဲ့ နန်းမားကျေးရွာရဲ့တောင်ခြေနေရာတွေမှာ လှုပ်ရှားမှုရှိနေတာဖြစ်ပြီး စစ်ကော်မရှင်တပ်ဖွဲ့များက မြို့ပေါ်တွေမှာ ထိန်းချုပ်ထားတာလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *