ခေါင်လန်ဖူးဒေသက စစ်တပ်ရဲ့ တပ်စခန်းတစ်ချို့ မီးရှို့ဖျက်စီးခံရ

ဇူလိုင် ၁၅၊ ပူတာအို

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်တဝိုက်က  စစ်တပ်ရဲ့စခန်းတစ်ချို့ကို KIA+PDF ပူးပေါင်းတပ်ဖွဲ့တို့က သိမ်းယူပြီးမီးရှို့ဖျက်စီးခဲ့တယ်လို့ ဒေသခံများမှသိရပါတယ်။

ဇူလိုင် (၁၃) ရက်နေ့မှာတော့ KIA+ PDF ပူးပေါင်းတပ်ဖွဲ့က ခေါင်လန်ဖူးမြို့ တရုတ်နယ်စပ်မှတ်တိုင်(၃၀) အနီးရှိ နယ်ခြားစောင့်တပ်နဲ့ ဒေသခံပြည်သူ့စစ်ပူးပေါင်းအဖွဲ့များရဲ့ တပ်စခန်း(၃)ခုကို ထိုးစစ်ဆင်ပြီးတိုက်ခိုက် သိမ်းယူခဲ့တာပါ။

စစ်တပ်နဲ့ KIA+ PDF ပူးပေါင်းတပ်တို့ ဇူလိုင် ၁၀ ရက်နေ့ထဲက နှစ်ဖက်တိုက်ပွဲပြင်းထန် ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

ဒါ့အပြင် စစ်တပ်ရဲ့လက်နက်ကြီး၊ လက်နက်ငယ်စုစုပေါင်း (၂၀)ခန့်ကိုလည်း သိမ်းယူသွားတာဖြစ်ပြီး စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုများကာ တပ်သားတစ်ချို့မှာလည်းစခန်းစွန့်ပြီး မြို့ပေါ်သို့ထွက်ပြေးကြရတယ်လို့ သိရပါတယ်။

စစ်တပ်ရဲ့ ပင်မ အထိုင်စခန်းမှာတော့ စစ်တပ်ကနေရာယူထားပြီး ကာကင်းစခန်း (၂) ခုမှာတော့ ဒေသခံပြည်သူ့စစ်တပ်ဖွဲ့များနေရာယူကာ တိုက်ခိုက်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

တိုက်ပွဲဖြစ်ပွားနေတဲ့ ဒီဒေသကို မြစ်ကြီးနား၊ ပူတာအိုမြို့ကနေ ဝင်ရောက်လို့ရသလိုဝိုင်းမော်မြို့- တရုတ်နယ်စပ်ထဲတစ်ဆင့် ရှိန်းခေါင်ကျေးရွာကနေလည်း ဒေသခံများက ကူးလူးသွားလာမှုရှိကြပါတယ်။

ခေါင်လန်ဖူးမြို့နယ်ဟာ တရုတ်နိုင်ငံနယ်စပ်နဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ မြို့နယ်ဖြစ်လို့ တရုတ်ဘက်က စားသောက်ကုန်များနဲ့ လူသုံးကုန်ပစ္စည်းများ ဝင်ရောက်ရာဒေသတစ်ခုလည်းဖြစ်ပါတယ်။

ဒါ့အပြင် မိုးရာသီနဲ့ဆောင်း ရာသီများမှာ  ဆီးနှင်းများဖုံးလွှမ်းတာတွေရှိလို့  ရက်ရှည်ကြာမြင့်စွာခက်ခက်ခဲခဲသွားလာရပြီး ဆိုင်ကယ်(သို့) ခြေကျင်နဲ့သာ သွားလာလို့ရတာဖြစ်တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *