
ဇူလိုင် ၁၆၊
မြန်မာနိုင်ငံအတွင်းမှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေတဲ့ ဂြိုလ်တု Starlink အင်တာနက် တွေကို ဒီကနေ့ ဇူလိုင် ၁၇ ရက်မှဩဂုတ် ၁၆ ရက်နေ့မတိုင်ခင်အထိ တစ်လအတွင်းသာ အသုံးပြုနိုင်တော့မှာဖြစ်တယ်လို့ tarlink Service လုပ်ဆောင်နေသူတွေထံကနေ သိရပါတယ်။
Starlink ရဲ့ မူဝါဒအသစ်အရ စက်တစ်လုံးကို မူလမှတ်ပုံတင်ထားတဲ့နိုင်ငံရဲ့ ပြင်ပမှာ ရက်ပေါင်း ၃၀ ဆက်တိုက် အသုံးပြုပြီးနောက် အဲဒီစက်နဲ့ ချိတ်ဆက်ထားတဲ့ အကောင့်ကို လက်ရှိအသုံးပြုနေတဲ့ နိုင်ငံ ဒါမှမဟုတ် ဒေသ (Region) အလိုက် ပြောင်းလဲသတ်မှတ်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။
မှတ်ပုံတင်ထားတဲ့နိုင်ငံအတွင်း ဘယ်နေရာမှာမဆို အသုံးပြုနိုင်ပြီး နိုင်ငံတကာအတွက် အသုံးပြုမှုကိုတော့ သတ်မှတ်ထားတဲ့ ကမ္ဘာလုံးဆိုင်ရာဦးစားပေး အဆင့်မြင့်တင်မှုလုပ်ဆောင်ရမှာ ဖြစ်တယ်လို့ပါရှိပါတယ်။
မြန်မာနိုင်ငံဟာ Starlink အင်တာနက်ကို တရားဝင်ခွင့်ပြုထားခြင်းမရှိသေးတာကြောင့် လာမယ့်လအတွင်းမှာ စက်အများအပြားအသုံးပြုမှုရပ်ဆိုင်းသွားနိုင်တယ်လို့လည်း သတိပေးနေကြပါတယ်။
“ Starlink အင်တာနက်တွေကို တစ်လပဲသုံးလို့ရတော့မယ်ဆိုတာ ဟုတ်ပါတယ်။ အရင်လိုပြန်သုံးနိုင်မယ့် တခြားနည်းလမ်းတွေကတော့လောလောဆယ်မရှိသေးပါဘူး။ မြန်မာနိုင်ငံက တရားဝင် အသုံးပြုခွင့် မရသေးလို့ ကန့်သတ်တာ” လို့ Starlink ဝန်ဆောင်မှုပေးနေသူ တစ်ဦးက ပြောပါတယ်။
Region တွေပြောင်းလဲမယ့်အပြင် အသုံးပြုခတွေကိုလည်း လစဉ် 1 GB ကိုမြန်မာကျပ်ငွေ ၉၀၀၀ နှုန်း နဲ့ 50 GB ကနေ ၂၀၀၀၀ GB အထိ သုံးလို့ရမှာဖြစ်ပြီး GB များရင်များသလိုပေးဆောင်ရမှာဖြစ်တယ်လို့ ဆိုပါတယ်။
နိုင်ငံကူးလက်မှတ်( Passport) နဲ့ Register တင်ရတဲ့ Travel Registration ကိုလည်းမဖြစ်မနေတင်ရမှာဖြစ်ပြီး မတင်&if စက်အပိတ်ခံရမှာဖြစ်တယ်လို့သိရပါတယ်။
Space X ကုမ္ပဏီက စတားလင့်စက်တွေကို နိုင်ငံအလိုက် အသုံးပြုခွင့် ကန့်သတ်ထားတာကြောင့် မှတ်ပုံတင်ထားတဲ့ နိုင်ငံရဲ့ ပြင်ပက စက်တွေအနေနဲ့အသုံးပြုခွင့် ပိတ်ပင်ခံရတာဖြစ်တယ်လို့ ကုမ္ပဏီဘက်က စတားလင့် သုံးစွဲသူတွေတချို့ကို အီးမေးလ်ပေးပို့ အကြောင်းကြားခဲ့တာပါ။
ဒေသအတွင်းက ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းများဖြတ်တောက်ခံထားရတဲ့ နေရာများမှာ ဒီစက်တွေကို အသုံးပြုအားထားနေကြရတာဖြစ်ပြီး ပြီးခဲ့တဲ့ ရက်ပိုင်းကလည်းစက်တစ်ချို့ပိတ်ခံရတာတွေ ရှိတာကြောင့် ဒေသခံများအကြား စိုးရိမ်မှုတွေမြင့်တက်နေခဲ့တာပါ။
စစ်ကိုင်းတိုင်းနဲ့ ရှမ်းပြည်နယ်ဟာ အင်တာနက်ဖြတ်တောက်ခံရမှုအများဆုံးထဲပါဝင်ပြီး Starlink အင်တာနက်ကို သာ အဓိထားပြီး ဆက်သွယ်ရေးနဲ့ သတင်းအချက်အလက်အတွက် အသုံးပြုနေကြတာလို့ Myanmar Ineternet Project ရဲ့ အစီရင်ခံစာတစ်ခုအရ သိရပါတယ်။
မြန်မာနိုင်ငံဟာ စတားလင့်နဲ့တရားဝင်စာချုပ်ချုပ်ထားခြင်း မရှိပေမယ့် လူသားချင်းစာနာမှုအရ သုံးစွဲခွင့်ရရှိနေတာဖြစ်ပြီး အသုံးပြုမှုတွင်ကျယ်လာတာနဲ့အမျှ နယ်စပ်ဒေသတွေရှိ အွန်လိုင်းငွေကြေးလိမ်လည်မှု (ကျားဖြန့်) ဂိုဏ်းများက ဒီစက်တွေကိုအသုံးပြုလာခြင်းကြောင့် စတားလင့်ရဲ့ဝန်ဆောင်မှု မူဝါဒများပိုမိုတင်းကျပ်လာတာဖြစ်တယ်လို့ သိရပါတယ်။
