ဓာတ်မြေဩဇာစျေးမြင့်တက်မှုကြောင့်ဩဂဲနစ်စိုက်ပျိုးရေးဘက်အာရုံစိုက်လာရ

အင်းတော်ကြီး၊ အင်းမြှီးဒေသက အော်ဂဲနစ်စိုက်ကွင်း

ဇူလိုင်၂၇အင်းတော်ကြီး 

ဓာတ်မြေဩဇာစျေးနှုန်းတွေက အဆမတန်မြင့်တက်လာမှုတွေကြောင့် ဒေသခံတောင်သူတွေ ဩဂဲနစ်စိုက်ပျိုးရေးဘက်ကို အာရုံစိုက်လာကြတယ်လို့ တောင်သူတွေနဲ့ ဩဂဲနစ်စိုက်ပျိုးရေးအတွက်လှုပ်ရှားနေသူတွေဆီကနေ သိရပါတယ်။ 

“ လူဦးရေကတော့ တစ်ရွာမှာဆိုရင်နှစ်ဖွဲ့လောက်တိုးတယ်။ တစ်ဖွဲ့တစ်ဖွဲ့ဆိုရင် ငါးယောက်ခြောက်ယောက်ပေါ့နော်။ အဖွဲ့နဲ့ အသင်းနဲ့လုပ်ကြရတာကိုး။ တစ်ချို့ရွာဆိုရင် ဦးပေါင်းနှစ်ဆယ်လောက်တောင်တိုးတယ် ၊ ဓာတ်မြေဩဇာတွေက အဆမတန်စျေးတက်။ စျေးကကြီးလာတော့ မသုံးစွဲနိုင်ကြဘူးလေ။ မသုံးစွဲနိုင်တဲ့အခါကျတော့ ဒီဟာအတွက်လည်းဖြစ်နိုင်ကောင်းဖြစ်နိုင်တယ်”  လို့ အင်းတော်ကြီးဒေသသဘာဝလယ်ယာသီးနှံစိုက်ပျိုးရေးအသင်း INFAရဲ့နာယကဦးမောင်ညွှန့်ကဆိုပါတယ်။ 

အင်းတော်ကြီးဒေသမှာရှိတဲ့ တောင်သူအများစုက ဓာတ်မြေဩဇာတွေ စျေးနှုန်းမြင့်တက်မှုတွေကြောင့် ယခင်က အသုံးပြုခဲ့တဲ့ နှုန်းတွေအတိုင်း မသုံးမပြုနိုင်တော့ပဲ  သဘာဝနည်းလမ်းအတိုင်း စိုက်ပျိုးမှုတွေလည်းရှိလာခဲ့ပါတယ်။ 

“ (ဓာတ်မြေဩဇာ) မသုံးနိုင်တဲ့သူတွေအများကြီးပါ့၊ တစ်ချို့ဆိုတစ်ဝက်ပဲ ထည့်နိုင်တယ်။ တချို့လည်း ထွက်သလောက်ပဲယူတော့မယ်ဆိုပြီးလုပ်ကြတာ ” လို့ အင်းမြှီးဒေသက တောင်သူတစ်ဦးကပြောပြပါတယ်။ 

ဓာတ်မြေဩဇာစျေးနှုန်းက စပါးစိုက်ပျိုးစကာလမှာ တစ်အိပ်ကို ၉ သောင်းကျော်စျေးကွက်ထဲမှာရှိနေပြီး ကျေးရွာထိ အရောက်ဆိုရင် တစ်သိန်းကျော်ဝန်းကျင်ရှိခဲ့တာလည်းဖြစ်ပါတယ်။ 

အင်းတော်ကြီးဒေသက တောင်သူတချို့က ဩဂဲနစ်စိုက်ပျိုးရေးကို မိသားစုကျန်းမာရေးအတွက် စားသုံးဖို့အပြင် စီးပွားဖြစ်အထိ စိုက်ပျိုးမှုတွေလည်း တိုးချဲ့လုပ်ကိုင်မှုတွေရှိလာနေပါတယ်။ 

အင်းတော်ကြီးဒေသမှာ   ဩဂဲနစ်စိုက်ပျိုးထားသည့် လယ်ဧက တစ်ထောင်နီးပါးရှိနေတယ်လို့လည်း အင်းတော်ကြီးဒေသသဘာဝလယ်ယာသီးနှံစိုက်ပျိုးရေးအသင်းရဲ့စာရင်းတွေအရသိရပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *