နန့်မွန်းမြို့ကအရပ်သားသုံးဦးဖမ်းဆီးခံရပြီးနောက်တစ်လအကြာအလောင်းပြန်တွေ့

ဖေဖော်ဝါရီ ၂၈ ၊ နန့်မွန်း 

အင်းတော်ကြီးဒေသ နန့်မွန်းမြို့က အရပ်သားသုံးဦးကို KPDF ကဖမ်းဆီးသွားပြီးနောက် တစ်လအကြာမှာ အလောင်းပြန်တွေ့ရှိခဲ့တယ်လို့ မိသားစုနှင့်နီးစပ်သူများထံမှ သိရပါတယ်။ 

နန့်မွန်းမြို့နေ အသက် ၃၁ နှစ်အရွယ် ကို ဝေဠုအောင်၊ ဆနွင်းကုန်းကျေးရွာမှ အသက် ၃၁ နှစ်အရွယ် တင်ဆန်းလင်း၊ လယ်ပုံလေးကျေးရွာနေ အသက် ၄၂ နှစ်အရွယ် ကိုဝင်းကို တို့သုံးဦးဟာ ဒလန် စွပ်စွဲချက်နဲ့ ဇန်နဝါရီလ ၂၇ ရက်နေ့က ဖမ်းဆီးခံခဲ့ရတာဖြစ်ကြောင်းသိရပါတယ်။ 

“ မြှုပ်ထားတဲ့နေရာမှာ ဟိုးမုဆိုးတောထဲမှာ မြှုပ်ထားတာ၊ လုံးစန့် မုဆိုးတော၊ လယ်ပြင်တောစပ်နားမှာ မြှုပ်ထားတာ၊ တစ်လလောက်ရှိပြီး လွန်ခဲ့တဲ့ တစ်လပိုင်း ၂၇ ရက်နေ့မှ ဖမ်းတာ  အခု ၂ လပိုင်း ၂၇ ရက်နေ့မှ သိတာ၊ အလောင်းက မနေ့ကမှသွားဖော်ခဲ့တာ” လို့ နန့်မွန်းမြို့က သတ်ဖြတ်ခံရသူ၏ မိသားစုနှင့် နီးစပ်သူ တစ်ဦးကပြောပါတယ်။ 

၎င်းတို့သုံးဦးဟာ ဇန်နဝါရီလ ၂၇ ရက်နေ့ညပိုင်းမှာ နမ့်မော်ကန်ကျေးရွာကအပြန် ဆနွင်းကုန်းကျေးရွာနှင့် ဟဲပါးကျေးရွာကြား လမ်းပိုင်းမှာ ဖမ်းဆီးခံလိုက်ရတာဖြစ်ကြောင်း ဟဲပုဒေသခံတစ်ဦးက ပြောပါတယ်။ 

“ သူတို့တွေက နမ့်မော်ကန်ကနေ ညကို မွေးနေ့ဆိုလားပြန်တာ အဲ့တာ ဆနွင်းကုန်းနဲ့ ဟဲပါးကြားမှာ ဖမ်းခံရတာ၊ ဒီနေ့တော့ သူတို့ တရားနာတယ်” လို့ ဟဲပုဒေသခံတစ်ဦးကပြောပါတယ်။ 

သတ်ဖြတ်ခံရသူတွေထဲက ကိုဝေဠုအောင်ဟာ နန့်မွန်းပရဟိတ အဖွဲ့ဝင်နှင့် ဓာတ်ပုံရိုက်ကူးရေးလုပ်ငန်းလုပ်ကိုင်တစ်ဦးဖြစ်ပြီး၊ ကိုတင်ဆန်းလင်းက ဟဲပုကျေးရွာ အုပ်ချုပ်ရေး ရုံးစာရေးတစ်ဦးဖြစ်ကြောင်း သိရပါတယ်။ 

အင်းတော်ကြီးဒေသရဲ့ လမ်းပိုင်းအားလုံးကို ည ၆ နာရီ မနက် ၆ နာရီအထိ ဖြတ်သန်းသွားလာခွင့်တွေကို ဇန်နဝါရီလ ၂၇ ရက်နေ့ကစပြီး  ရက်အကန့်အသတ်မရှိ ပိတ်ပင်ထားမှာဖြစ်ပြီး မလိုက်နာပဲဖြစ်ပေါ်လာတဲ့ အကျိုးဆက်ကို မိမိ တာဝန်သာဖြစ်တယ်လို့  KPDF Indawgyi က သတင်းထုတ်ပြန်ထားပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *