နန့်မွန်းပြည်သူ့ စစ်ခေါင်းဆောင်နေအိမ် လက်လုပ်မိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခံရ 

ဇန်နဝါရီ ၁၃ ၊ နန့်မွန်း 

 အင်းတော်ကြီးဒေသ နန့်မွန်းပြည်သူ့စစ်ခေါင်းဆောင် ဦးစိုးပိုင်ရဲ့နေအိမ်ရှေ့ကို  လူနှစ်ဦးက  ဇန်နဝါရီလ ၁၂ ရက်နေ့ည ၇ နာရီခွဲကျော်အချိန်မှာ လက်လုပ်မိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ 

 “ ပြည်သူ့စစ်ခေါင်းဆောင်အိမ်ရှေ့မှာ၊ ဘာဖြစ်သွားလဲဆိုတော့ သူ့အိမ်မှန်ထိသွားတယ်၊ သူ့အိမ်က နတ်ကြီးကုန်းစျေးနားမှာပေါ့ညယ်၊ လူတော့မထိဘူး” နန့်မွန်းမြို့ နတ်ကြီးကုန်းရပ်ကွက်နေသူ တစ်ဦးကပြောပြပါတယ်။ 

 အမည်မသိလူငယ်နှစ်ဦးက ဦးစိုးပိုင်အိမ်အနီးမှာ လက်လုပ်မိုင်းတစ်လုံးပစ်ချသွားပြီး အဝေးကနေ ဖောက်ခွဲခြင်းဖြစ်ကြောင်း ဖြစ်စဉ်ကို သိသူတွေက ပြောဆိုပါတယ်။ 

” လူငယ်နှစ်ယောက်တဲ့ဟေး ၊ကောင်လေးတစ်ယောက်ကောင်မလေးတစ်ယောက် ဆိုင်ကယ်နဲ့ သူ့အိမ်နားလာပြီး ခပ်လှမ်းလှမ်းလေးရောက်မှ အဝေးကနေဖောက်တာတဲ့” လို့ ဖြစ်စဉ်ကို သိသူတစ်ဦးက ဆိုပါတယ်။

 ဒီလိုဖောက်ခွဲခံရချိန်မှာ ပြည်သူ့စစ်ခေါင်းဆောင်က သူ့နေအိမ်မှာရှိမနေပဲ သူ့ကလေးနဲ့ အမျိုးသမီးသာရှိနေပြီး ဖောက်ခွဲခံရမှုကြောင့်လည်း အိမ်မှန်တွေ ထိခိုက်ပျက်စီးမှုအနည်းငယ်ရှိခဲ့တာလို့ သိရပါတယ်။ 

 ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း  အင်းတော်ကြီးဒေသ နန့်မွန်းမြို့က ပြည်သူ့စစ်စခန်းကို ၂၀၂၁ ခုနှစ်မှာ တိုက်ခိုက်ခံခဲ့ရသလို  လျှပ်စစ်မီတာရုံးဝန်းအနီး မိုင်းဖောက်ခွဲခံရမှုတွေဖြစ်ပွားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *