နမ္မတီးမြို့စည်ပင်သာယာရေးဌာန ဦးစီးမှူးအိမ်အပြန်လမ်းတွင်သေနတ်အပစ်ခံရလို့သေဆုံး

ဩဂုတ် ၄ ၊ မြစ်ကြီးနား 

မိုးကောင်းမြို့နယ် နမ္မတီးမြို့စည်ပင်သာယာရေးဌာန ဦးစီးမှူး ဦးဖြိုးဝေဆန်းသည် သူ့အိမ်အပြန်လမ်းတွင် သေနတ်အပစ်ခံရလို့ သေဆုံးခဲ့တယ်လို့ သိရှိရပါတယ်။

ဦးဖြိုးဝေဆန်းသည် နမ္မတီးမြို့ကနေ မြစ်ကြီးနားမြို့ သူ့နေအိမ်အပြန်    မြစ်ကြီးနားမြို့ ဧဒင်ရပ်ကွက်နဲ့ အေးမြသာယာရပ်ကွက်ကြားမှာရှိတဲ့  ရထားသံလမ်းကူးအနီးမှာ ဩဂုတ်လ ၃ ရက်နေ့  ည ၇ နာရီခွဲအချိန်မှာ  အမည်မသိ လက်နက်ကိုင်လူတစ်စုက သေနတ်နဲ့ ပစ်သတ်သွားတာလို့ သိရှိရပါတယ်။

အမည်မသိ လက်နက်ကိုင်တွေက ဦးဖြိုးဝေဆန်းမောင်းလာတဲ့ ကားရဲ့ ဘယ်ဘက်အခြမ်းကနေ ပစ်ခတ်ကာ ဘက်လက်ကျည်နှစ်ချက်၊ ဘယ်ဘက်ပါးမှာ ကျည်တစ်ချက် ထိမှန်ခဲ့တာဖြစ်တယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့ဆီကနေ သိရပါတယ်။ 

နမ္မတီးမြို့စည်ပင်သာယာရေးဌာန ဦးစီးမှူး အပစ်သတ်ခံရသည့်နေရာသည် ၎င်း၏ နေအိမ်ရောက်လုနီးပါးမှာ ဖြစ်သွားတယ်လို့ မြစ်ကြီးမြို့ခံတွေရဲ့ ပြောပြချက်အရ သိရှိရပါတယ်။

“သတင်းကတော့ မှန်တယ်။ ဒီမြစ်ကြီးနားကနေ အပြောင်းပါသွားတဲ့ အရာရှိတစ်ယောက်ပေါ့။ အခု နမ္မတီးရောက်သွားတာ။ နမ္မတီးမှာကျတော့ တာဝန်ခံပေါ့။” မြစ်ကြီးနားဒေသခံတစ်ဦးက ပြောပါတယ်။  

ယခုဖြစ်စဥ်နဲ့ ပတ်သက်ပြီး လုပ်ဆောင်သွားတဲ့ အဖွဲ့အစည်းကိုတော့ ယခုထိ မသိရှိရသေးပါဘူး။

ပြီးခဲ့တဲ့ မေလမှာလည်း  စီတာပူရပ်ကွက်အနီး ဆိုင်ကယ်မောင်းနင်လာတဲ့ အမျိုးသားတစ်ဦးကို  အမည်မသိလက်နက်ကိုင်တွေက သေနတ်နဲ့ ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *