အောက်တိုဘာ ၂၂ ၊ စစ်ကိုင်း
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်မှုထမ်းဖို့ စုဆောင်းခေါ်ဆောင်ခံထားရသူ (၂၁၀၀၀) ကျော်ရှိလာပြီး သင်တန်းကျောင်းကိုလည်း (၂၃)ကျောင်းအထိ ဖွင့်လှစ်ထားတယ်လို့ ဗမာ့ရေးရာနှင့် ပဋိပက္ခလေ့လာရေး(BACS)ရဲ့ အစီရင်ခံစာအရ သိရပါတယ်။
စစ်ကောင်စီက လက်ရှိမှာ စစ်မှုထမ်း အပတ်စဉ်(၅)ထိ ဖွင့်လှစ်ထားခဲ့ကာ အပတ်စဉ်(၁)၊(၂)၊(၃)ရှိ ဦးရေ(၁၃၀၀၀)ကျော်ကို သင်တန်းဆင်းပြီးနောက် ရှေ့တန်းစစ်မြေပြင်တိုက်ပွဲများမှာ ထည့်သွင်းပို့ဆောင်ခဲ့တယ်လို့ အဲ့ဒီအစီရင်ခံစာကဆိုပါတယ်။
သင်တန်းပို့ချသင်ကြားစေမှုများအတွက် စစ်မှုထမ်းသင်တန်းကျောင်းဖွင့်လှစ်ခဲ့တဲ့ထဲမှာတော့ ရှမ်းပြည်နယ်မှာ(၇)ကျောင်းဖြင့် အများဆုံးဖွင့်ခဲ့ပြီး မန္တလေးတိုင်းတွင်(၄)ကျောင်း၊ စစ်ကိုင်းတိုင်း၊ရန်ကုန်တိုင်း၊ပဲခူးတိုင်း၊ဧရာဝတီတိုင်း၊ မွန်ပြည်နယ်၊ တို့မှာ (၂)ကျောင်းစီ စုစုပေါင်း(၁၀)ကျောင်း၊ မကွေးတိုင်းနှင့်တနင်္သာရီတိုင်းတို့မှာ (၁)ကျောင်းစီဖွင့်လှစ်ခဲ့တာပါ။
ဒါကြောင့် စစ်ကောင်စီ ထိန်းချုပ်ထားနိုင်တဲ့ ပြည်နယ်(၂)ခုနဲ့ တိုင်း(၇)ခုတို့မှာ သင်တန်းကျောင်းတွေဖွင့်လှစ်ခဲ့တာကို တွေ့ရပြီး အပတ်စဉ်(၁)တွင် လူဦးရေ(၅၀၀၀)နီးပါး စုဆောင်းနိုင်ခဲ့ကာ ကျန်အပတ်စဉ်တွေမှာတော့ (၄၀၀၀)ကျော်စီစုဆောင်းနိုင်ခဲ့တယ်လို့ အစီရင်ခံစာက ဆိုထားပါတယ်။
ဒီလိုစုဆောင်းမှုထဲ အမျိုးသမီးများပါဝင်ခြင်းမရှိသေးဘဲ အမျိုးသားများကိုသာ ခေါ်ဆောင်နေတာလည်းဖြစ်ပါတယ်။
စစ်ကောင်စီတပ်ဖွဲ့များ မထိန်းချုပ်နိုင်တော့တဲ့ တိုင်းနဲ့ပြည်နယ်အတွင်းက ဒေသတွေမှာလည်း တော်လှန်ရေးတပ်ဖွဲ့နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များရဲ့ စစ်သားစုဆောင်း ခေါ်ဆောင်ခြင်းများကို ခံစားနေကြရပါတယ်။