စက်တင်ဘာလ-၂၇၊ ၂၀၂၄
စစ်ကောင်စီကို အတိုက်ခံလုပ်နေတဲ့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့စည်းတွေအားလုံးကို နိုင်ငံရေးနည်းလမ်းနဲ့ တွေ့ဆုံဆွေးနွေး အဖြေရှင်းနိုင်ဖို့ မနေ့ စက်တင်ဘာလ (၂၆) ရက်နေ့ ညပိုင်းမှာ စစ်ကောင်စီက ထုတ်ပြန်ဖိတ်ခေါ်လိုက်ပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့စည်းတွေ ၊ အကြမ်းဖက်သောင်းကျန်းသူအဖြစ် ကြေညာခံထားရတဲ့ အဖွဲ့စည်းတွေ နဲ့ PDF အဖွဲ့တွေကို ဖိတ်ခေါ်ထားတာဖြစ်ပြီး လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွတ်ကာ ပါတီနိုင်ငံရေးလမ်းကြောင်းဖြင့်သော်လည်းကောင်း၊ ရွေးကောက်ပွဲလမ်းကြောင်းမှသော်လည်းကောင်း နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းဖို့ ကမ်းလှမ်းဖိတ်ခေါ်ထားတာလဲဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ဒီလိုဖိတ်ခေါ်ဆွေးနွေးမှုမျိုးက ပထမဦးဆုံးအကြိမ်လည်းဖြစ်ပါတယ်။
ဆွေးနွေးအဖြေရှာဖို့အတွက် ဖိတ်ခေါ်တဲ့နေရာမှာ စစ်ကောင်စီကိုယ်တိုင် အကြမ်းဖက်အဖွဲ့ဖြစ်ကြေညာထားတဲ့ အဖွဲ့စည်းများကိုပါ ဖိတ်ခေါ်ထားပေမယ့် EAOs များအနေဖြင့် ယုံကြည်ဖို့ ကင်းမဲ့နေဆဲဖြစ်ပါတယ်။
ဆွေးနွေးရေးကမ်းလှမ်းမှုကြေညာချက်ကို စက်တင်ဘာလ ၂၆ ရက်နေ့ ညပိုင်းမှာ ထုတ်ပြန်ခဲ့တာဖြစ်ပြီး နောက်ရက် ၂၇ ရက်နေ့ မနက်ပိုင်းမှာ လားရှိုးမြို့ကို လေကြောင်းတိုက်ခိုက်ဗုံးကြဲမှုတွေ ဆက်တိုက်ပြုလုပ်နေတာလဲ ဖြစ်ပါတယ်။
စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာ(၁၅) ရက်နေ့ကလဲ NCA တွင်ပါဝင်ခြင်းမရှိသေးတဲ့ EAOs များကို ငြိမ်းချမ်းရေးတွက် ပါဝင်လက်မှတ်ရေးထိုးဖို့ ဖိတ်ခေါ်ခဲ့ပြီး၊ ယခုအခါ EAOsများအားလုံးအပါဝင် အတိုက်ခံ NUG လက်အောက်ခံ PDF များကိုပါ ထူးခြားစွာ ဖိတ်ခေါ်လာခဲ့တာလဲဖြစ်ပါတယ်။