နောင်မွန်မြို့နယ်တွင် မဲစာရင်းစစ်တာဝန်ထမ်းဆောင်ရန်အတွက်ရောက်ရှိနေသည့် ကျောင်းဆရာတစ်ဦး ပျောက်ဆုံးနေ

ဆရာရဲထွေးအောင် နှင့် ၎င်းတို့မိသားစုအတူ တွေ့ရစဉ်

နိုဝင်ဘာ ၁၃ ၊ မိုးညှင်း

ကချင်ပြည်နယ် နောင်မွန်မြို့နယ် ပန်နန်ဒင်မြို့ရှိ မဲရုံအမှတ်(၂၂) ဒဇုံဒမ်ကျေးရွာတွင် မဲစာရင်းစစ်တာဝန်ထမ်းဆောင်ရန်အတွက် ရောက်ရှိနေသည့် ကျောင်းဆရာတစ်ဦး ပျောက်ဆုံးလျှက်ရှိနေကြောင်း ၎င်း၏ မိဘဖြစ်သူ ဦးရဲမြင့် ထံမှသိရသည်။

ရေချိုးဆင်းရာမှ ရေထဲမျှောပါသွားသည်ဟု သက်ဆိုင်ရာ ဌာနများက မိဘများကို နိုဝင်ဘာလ ၇ ရက်နေ့တွင် သတင်းပေးပို့ကြသော်လည်း ကွဲလွဲမှုများရှိနေသည်ဟု ဆိုသည်။

“ ရဲကလာတာက နိုဝင်ဘာ (၅) ရက် ညနေရေချိုးသွားလို့ဖြစ်တယ်ဆိုပြီး ပညာရေးကလာတာက နိုဝင်ဘာ ၆ ရက်နေ့ ညနေ(၅) နာရီ ရေချိုးဆင်းလို့ဖြစ်တယ်။ နောက်သတင်းလာတာက ဓာတ်ပုံရိုက်လို့ ကျောက်တုံးပေါ်က လျှောကျတယ်။ ကမ်းပါးပြိုတယ်။ နောက်ဆုံးသိရတာကတော့ ကျောက်ဖျာပေါ်ကနေ ဓာတ်ပုံရိုက်လို့သူ့သူငယ်ချင်းက ဓာတ်ပုံရိုက်ဖို့လှည့်အကြည့်မှာ သူမရှိတော့ဘူးဆိုတဲ့ဟာပဲ အဲ့တာနဲ့ ရေကျဆိုပြီးတော့ အကြောင်းကြားထားတယ်” ဦးရဲမြင့်ကဆိုသည်။

အသက် (၂၅) နှစ်အရွယ် ကျောင်းဆရာ ဦးရဲထွေးအောင်သည် ယခုနှစ်မှ ပညာရေးဝန်ထမ်းစဖြစ်ပြီး နောင်မွန်မြို့နယ် တဆူထုကျေးရွာအလယ်တန်းကျောင်းတွင် တာဝန်ထမ်းဆောင်နေသည့် ကျောင်းဆရာတစ်ဦးလည်းဖြစ်သည်။

ဆရာဦးရဲထွေးအောင်သည် စက်တင်ဘာလ ၂၇ ရက်နေ့တွင် နေအိမ်မိုးညှင်းမြို့မှ ပူတာအိုမြို့ကို ထွက်ခွာခဲ့ပြီး ပူတာအိုမှ တဆင့် နောင်မွန်မြို့နယ် ပန်ဒန်ဒင်မြို့ကို သွားရောက်ခဲ့သည်။

ပန်ဒန်ဒင်မြို့မှ အောက်တိုဘာလ ၂၁ ရက်နေ့တွင် တာဝန်ကျမဲရုံသို့ ထွက်ခွာခဲ့ပြီး ထိုနေရာသို့ ရောက်ရှိသည့်ရက်စွဲကို ၎င်း၏မိဘများက မသိရှိပေ။

“ ရေထဲကျတယ်ဆိုရင်လည်း အလောင်းကိုတွေ့အောင်ရှာပေးစေချင်တယ်။ အခုဟာက ဘာမှလည်းမတွေ့ဘူး။ရေကျလို့သေသွားပြီ သူ့ရဲ့ပစ္စည်းတွေကိုလည်း ကျွန်တော်တို့ကိုအကြောင်းမကြားဘဲနဲ့ အမိန့်တော်ပြန် ပြီးမှ မဲရုံမှူးက ရေထဲမျှောချလိုက်ပြီ အဲ့တာတွေက ကျွန်တော်တို့မိဘတွေသိမှာစိုးလို့ အလျှင်စလိုလုပ်ကြံလိုက် သလိုဖြစ်နေတယ်။ အဲ့တာကို ကျွန်တော်တို့က အဖြေမှန်ဖြစ်အောင် သေတယ်ဆိုလည်း သေတယ် အလောင်း ကိုရအောင်ယူပေးပါ ။ ဒါမှမဟုတ် အရှင်ရှိသေးတယ်ဆိုလည်း မိဘရပ်ထံရောက်အောင်အမြန်ဆုံးရောက်အောင် ပို့ပေးပါ” ဟု ဦးရဲမြင့်က ဆိုသည်။

၎င်းမိဘများနှင့် ညောင်ကိုင်းကျေးရွာနေ ပြည်သူများက ဆရာဦးရဲထွေးအောင်သည် ရေအလွန်ကြောက်တတ်သူဖြစ်သည်ဟု ဆိုကြသည်။

၎င်းအတွက် မည်သည့်အဖွဲ့အစည်းမျှ လုပ်ရှားဆောင်ရွက်နေခြင်းမရှိကြောင်း ထို့အတွက် တာဝန်ရှိသူများအနေဖြင့် တိကျလက်ခံနိုင်သည့်အဖြေတစ်ခုထိရသည်အထိ ရှာဖွေဖော်ထုတ်မှုများပြုလုပ်စေလိုသည်ဟု ၎င်း၏ မိသားစုများက ပြောဆိုကြသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး နောင်မွန်မြို့မြိုနယ်မှ တာဝန်ရှိသူများကို ရှမ်းနီအသံမှ ဆက်သွယ်နေဆဲဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *