အောက်တိုဘာ ၂၄ ၊ ဟုမ္မလင်း
ယခုရက်ပိုင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဟုမ္မလင်းမြို့နယ်တွင် နှစ်ပေါင်း (၂ဝ ) ကျော် အတွင်းဥရုချောင်းတစ်လျောက် အကြီးများဆုံး ရေလွှမ်းမိုးမှုကြောင့်လယ်ယာမြေများ ပျက်စီးဆုံးရှုံးလျက်ရှိကြောင်း ဒေသခံများ ကပြောသည်။
“ အခု ကျွန်တော်တို့ လယ်ယာတွေက အကုန်လုံးရှုံးတာပဲ တစ်စေ့မှ မရနိုင်တော့ဘူး။ တစ်ချို့က ရိတ်လုနီးပါးပေါ့ နောက်ပြီးတော့ အခု ကွဲနေတဲ့ စပါးမျိုးတွေ စပါးတွေဖြစ်နေတာ ဖူးပွင့်နေတဲ့ ကာလမှာ စပါးကြည်တွေက အကုန် နှစ်မြုပ်လိုက်တဲ့အခါကျတော့ တစ်စိမှ မရနိုင်တော့ဘူးလို့ ယူဆပါတယ်။” ဟု နောင်ခမ်းကျေးရွာမှ တောင်သူ ဦးဝင်းမြင့်က ပြောသည်။
အဆိုပါရေကြီးရေလျှံမှုသည် နှစ်ပေါင်း(၂ဝ)ကျော် အတွင်း အကြီးမားဆုံး ကြုံတွေ့ရခြင်းဖြစ်ပြီး ၎င်းစိုက်ပျိုးထားသည့် လယ်ဧက (၁ဝ)သည်လည်း ရေလွှမ်းမိုးခံနေရပါသည်။
ဥရုချောင်း တစ်လျှောက်ရှိ လယ်ယာများသည်လည်း ရေလွမ်းမိုးနေပြီး တောင်သူများအတွက် ဆုံးရှုံးမှု အများဆုံး ဖြစ်ပေါ်စေနိုင်ကြောင်း ၎င်းကဆက်ပြောသည်။
“ အခုလိုအချိန် ရေဒီလောက်ကြီးတာ ကျွန်တော် တစ်သက်မှာ တစ်ခါမှ မကြုံခဲ့ဖူးဘူး။ နောင်ပတ်ကွင်း တစ်ကွင်းလုံးပဲ ပထမရေထက် အများကြီးသာတယ်။ ရက်ကြာရင်တော့ ဆုံးရှုံးမှာပဲ အခုတောင် မိုးကလည်းရွာနေတုန်း။” ဟု နောင်ပတ်ကျေးရွာမှ ခွန်ဆေကပြောသည်။
မှန်ကင်း၊ နောင်ခမ်း၊ လွင်ဦး ၊ ခဲနန်း ကျေးရွာများရှိ လယ်ယာမြေများအကုန်လုံး ရေလျှံနေပြီး နောင်ပတ်ကျေးရွာရှိ လယ်ဧက တစ်ရာကျော်သည်လည်း ရေလွှမ်းမိုးနေကြောင်း အဆိုပါရေကြီးရေလျံမှုသည် ရွှေမျှောများ တူးဖော်ခြင်း၊ ချောင်းများ တိမ်ကောလာခြင်း၊ မိုးများခြင်းတို့ကြောင့် အဓိကဖြစ်ရကြောင်း ၎င်းက ဆက်ပြောသည်။
ထို့ပြင် ဟုမ္မလင်းမြို့နယ်ရှိ နမ့်ပန်ငါးချောင်းတွင်လည်း ရေကြီးရေလျှံမှုတွေကြောင့် သဝန်တိုက်နယ် ရှိ လယ်ယာမြေများနှင့် နေအိမ်များနစ်မြုပ်နေကြောင်း ဒေသခံများထံမှသိရသည်။
ဟုမ္မလင်းမြို့နယ်တွင် နောက်(၂)ရက်အတွင်း ချင်းတွင်းမြစ်ရေသည် စိုးရိမ်ရေအမှတ်သို့ ရောက်ရှိနိုင်ပြီး လက်ရှိသည် စိုးရိမ်ရေအမှတ်အောက် (၂)ပေသို့ ရောက်ရှိနေပြီဖြစ်ပြီး ဟုမ္မလင်း၊ဖောင်းပြင်၊ မော်လိုက် မြို့နယ်များအတွင်း မြေနိမ့်ပိုင်းနေထိုင်သူများ အထူးသတိပြုနေထိုင်ကြရန် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ ယနေ့နေ့လယ်ပိုင်းထုတ်ပြန်ချက်အရသိရသည်။