စစ်ကိုင်းတိုင်းက၉၈ဦးသာပါဝင်
ဧပြီ ၁၈ ၊ ရန်ကုန်
မြန်မာနှစ်ဆန်းတစ်ရက်နေ့ ဒီနေ့ ဧပြီလ (၁၇)ရက်နေ့မှာ အကျဉ်းသူ/သား သုံးထောင်ကျော် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရတယ်လို့ မနေ့က မနက်ပိုင်းမှာပဲ စစ်ကောင်စီက ကြေညာပါတယ်။
နှစ်သစ်အထိမ်းအမှတ် ၊ လူမှုရေးအရငဲ့ညှာထောက်ထားမှုတွေကြောင့် အကျည််းထောင်/အချုပ်ထောင်/စခန်းတွေဆီက ပြစ်ဒဏ်ကျခံနေသူ ၃၃၀၃ ဦးကို လွတ်ငြိမ်းခွင့်ပြုလိုက်တာလို့ ဆိုပါတယ်။
သုံးထောင်ကျော်ထဲမှာ စစ်ကိုင်းတိုင်းက ၉၈ ဦး ၊ ကချင်ပြည်နယ်က ၇၀ ၊ ကယားပြည်နယ်က တစ်ဦး ၊ ပဲခူးတိုင်းက ၃၇၁ ဦး၊ မကွေးတိုင်းက ၁၆၈ ဦး ၊ မန္တလေးတိုင်းက ၅၃၀၊ မွန်ပြည်နယ်က ၁၀၄ ဦး ၊ ရခိုင်မှ ၂၄၇ ဦး ၊ ရှမ်းပြည်နယ်က ၁၆၁ ဦး၊ ရန်ကုန်တိုင်းက ၉၃၆ ဦး ၊ ဧရာဝတီတိုင်းက ၂၇၀ ဦး နဲ့ လူမှုဝန်ထမ်းဦးစီးဌာနလက်အောက်ရှိ သင်တန်းကျောင်းမှ လူငယ် ၁၉၀ ဦးတို့ ပါဝင်ကြောင်းသိရပါတယ်။
လွတ်မြောက်လာသူအများစုဟာ နိုင်ငံရေးပုဒ်မတွေနဲ့ ဖမ်းဆီးခံရသူတွေမဟုတ်ပဲ တခြားသော ပြစ်မှုများ နှင့် လွတ်ရက်စေ့နီးသူတွေဖြစ်တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။
လွတ်ငြိမ်းခွင့်ရသူတွေဟာ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁ ၊ ပုဒ်မခွဲ(၁) အရ “ နောက်တစ်ကြိမ်ပြစ်မှု ထပ်မံကျူးလွန်လျှင် ၎င်းပြစ်ဒဏ်အပြင် ယခုကျခံဖို့ ကျန်ရှိတဲ့ ပြစ်ဒဏ်တွေကိုပါ ဆက်လက်ကျခံရမယ်” ဆိုတဲ့ စည်းကမ်းသတ်မှတ်ချက်နဲ့ လွတ်ငြိမ်းခွင့်ပြုခဲ့တာလည်းဖြစ်ပါတယ်။
ဒါ့အပြင် အကြမ်းဖက်မှု၊ လက်နက်မှုများ ၊ မတရားအသင်းပုဒ်မများ၊ လူသတ်မှု၊ မုဒိိမ်းမှု ၊ မူးယစ်ဆေးဝါးအမှု၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အမှု၊ အဂတိလိုက်စားမှု တွေနဲ့ ပြစ်ဒဏ်ကျခံနေရသူများမှ အပ ကျန်ပုဒ်မတွေက ကျန်ခံဖို့ ကျန်ရှိနေတဲ့ ပြစ်ဒဏ်ရဲ့ ခြောက်ပုံတစ်ပုံကို လွတ်ငြိမ်းသက်သာခွင့်ပြုလိုက်တယ်လို့ ကြေညာထားပါတယ်။
၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၄)ရက်နေ့ လွတ်လပ်ရေးနေ့မှာလည်း အကျဉ်းသား/သူ စုစုပေါင်း (၉၆၅၂) ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိခဲ့တယ်လို့ သိရပါတယ်။