ပင်လည်ဘူးမြို့တိုက်ပွဲအတွင်းရွှေကျောင်းပရိယတ္တိစာသင်တိုက်ဝင်းအတွင်းလက်နက်ကြီးကျပြီးပျက်စီး

ဧပြီ ၁၂ ၊ ပင်လည်ဘူး  

ဧပြီလ ပထမအပတ်ထဲက ပင်လည်ဘူးမြို့နဲ့အနီးတဝိုက်မှာ ဒေသခံကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တို့တိုက်ပွဲတွေကြောင့် လက်နက်ကြီးတွေ ရွှေကျောင်းပရိယတ္တိစာသင်တိုက်ဝင်းအတွင်း လက်နက်ကြီးကျပြီး ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ 

“ နှစ်ရက်သုံးရက်ပါ့တိုက်ပွဲဖြစ်တာရှိအုံးမှာ ၊ အဲ့မှာကျောင်းမကြီးရှိတယ်။ ၁၃ပင် ၁၄ပင်လောက်တော့ရှိမယ်။ ၇၀ ၈၀ပေါ့လေကျောင်းအကြီးကြီးပေါ့လေ။ ခေါင်မိုးပေါ်ကနေလက်နက်ကြီးမှန်ပြီးတော့အောက်ထပ်အထိအကုန်ပွင့်သွားတယ်​အဲ့တာတော့တိကျတယ်သတင်းက၊ ရွှေကျောင်းဆရာတော်က အဲ့တာဖြစ်ပြီးထွက်ပြေးခဲ့ရတာကိုး ၊ အသေးစိတ်တွေကတော့ နေအိမ်တွေကလည်းမီးလောင်တယ်။ဘယ်အိမ်ဘယ်နှစ်အိမ်ဆိုတာအတိအကျမသိသေးဘူး” လို့ ရွှေကျောင်းပရိယတ္တိမှာ ပညာဆည်းကပ်ခဲ့ဖူးတဲ့ ဆရာတော်တစ်ပါးမိန့်ကြားပါတယ်။ 

ဒီလက်နက်ကြီးတွေ ကျောင်းတိုက်အတွင်းကျပြီးတဲ့နောက် ကျောင်းထိုင်ဆရာတော်လည်း ထိုကျောင်းကနေ ထွက်ပြေးတိမ်းရှောင်လာခဲ့ရတယ်လို့သိရပါတယ်။ 

ပင်လည်ဘူးရွှေကျောင်းအပါအဝင် တခြားနေအိမ်တွေလည်း ပျက်စီးမှုတွေရှိတယ်လို့ သိရပေမယ့် အတိအကျတော့မသိရှိရပါဘူး။ 

ပင်လည်ဘူးမြို့နယ်တိုက်ပွဲအတွင်းမှာ ဒေသခံကာကွယ်ရေးတပ်ဘက်ကနေ KIA က​ ပါဝင်တိုက်ခိုက်ပေးခဲ့တယ်လို့ သိရပါတယ်။ 

ဒီတိုက်ပွဲကြောင့် ဒေသခံ ထောင်နဲ့ချီလည်း ဘေးလွတ်ရာကျေးရွာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ 

တိုက်ပွဲနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က ထုတ်ပြန်ချက်မှာ  KIA/PDF ဘက်က စုစုပေါင်း အလောင်း ရှစ်လောင်း၊ M-22 သေနတ် ငါးလက်၊ AK-47 သေနတ် နှစ်လက်၊ KIA ထုတ် ၄ဝ မမ ဆုံလည် တစ်လက်၊ ၇.၆၂ မမ စနိုက်ပါ တစ်လက်၊ M-22 ကျည်အိမ် ၂၂ ခု၊ M-22 ကျည် ၁၃၄၅ တောင့်၊ ၇.၆၂ မမ စနိုက်ပါကျည် ၁၁၅ တောင့်၊ ၄ဝ မမ ဗုံးသီး ကိုးလုံး၊ KIA ကြိုးဆွဲလက်ပစ်ဗုံး ၁၉ လုံး၊ ၆၀ မမ ဗုံးသီး ၁၇ လုံး၊ လက်ပစ်ဗုံးတစ်လုံးတို့ သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

​PDF တွေရဲ့ ပြောဆိုမှုတွေမှာလည်း စစ်ကောင်စီဘက်က အရာရှိတွေအပါအဝင် ၄၀ ဦးကျဆုံးတယ်လို့ဆိုပါတယ်။ 

စစ်ကောင်စီတပ်ဘက်က ဒီတိုက်ပွဲမှာ တိုက်ခိုက်ရေးဂျက်လေယာဉ်တွေကိုလည်း အသုံးပြုခဲ့ကြောင်း ဒေသခံတွေကအတည်ပြုပါတယ်။ 

လက်ရှိ ပင်လည်ဘူးမြို့နယ်မှာ မနေ့ ဧပြီလ ၁၁ ရက်က စတင်ပြီး တိုက်ပွဲရပ်တန့်သွားပြီဖြစ်ကြောင်း သိရပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *